ဟင်္သာတ-ရန်ကုန်လမ်းမကြီး ဇလွန်နှင့် ဓနုဖြူကြား လမ်းပိုင်းပျက်စီးမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပြင်ဆင်မှုစတင်

ဟင်္သာတ-ရန်ကုန်လမ်းမကြီး ဇလွန်နှင့် ဓနုဖြူကြား လမ်းပိုင်းပျက်စီးမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပြင်ဆင်မှုစတင်
Published 1 June 2026

ဟင်္သာတ-ရန်ကုန်လမ်းမကြီး ဇလွန်နှင့် ဓနုဖြူကြား လမ်းပိုင်းပျက်စီးမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပြင်ဆင်မှုစတင်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းအခြေအနေအား ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှု၊ လမ်းပန်းဆက်သွယ် ရေးဝန်ကြီးနှင့် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးတို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် မေလ(၃၁)ရက်နေ့တွင် ပြင်ဆင်မှုစတင်ခဲ့ခြင်း ဖြစ်သည်။

 “အဆိုးဆုံးဖြစ်တဲ့အပိုင်းတွေ အမြန်ပြင်ရမယ့်အပိုင်းတွေကို ကွင်းဆင်းစစ်ဆေးပြီးတော့ အမြန်စတင် ဆောင်ရွက်နေပါပြီ။ ဒီနေ့(မေလ ၃၁ ရက်)ကစပြီး လမ်းအထူးအဖွဲ့ (၂၁)က ပြင်ဆင်ပေးနေပါပြီ။ ရုံးချုပ်ကိုလည်း တင်ပြခဲ့ပြီး လိုအပ်တာတွေကို ပံ့ပိုးဆောင်ရွက်ပေးပါတယ်ဟု လမ်းဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ)ဦးရန်နိုင်ဇော်က ဖြေကြားသည်။

ဇလွန်နှင့် ဓနုဖြူကြားလမ်းပိုင်း ပျက်စီးမှုမှာ ပေ(၁၀၀)၊ (၁၅၀) လမ်းပိုင်း(၅)ပိုင်းခန့် ဆိုးဆိုးရွားရွား ပျက်စီးနေခြင်းဖြစ်ကြောင်း ညွှန်မှူးက ဆိုသည်။

 “ဇလွန်နဲ့ ဓနုဖြူက လမ်းအရှည်(၁၅)မိုင် လောက်ရှိတယ်။ ခုလမ်းပျက်တဲ့ဟာက ပေ(၁၀၀)၊ ပေ(၁၅၀) (၅)ဖြတ်လောက်ရှိတာပေါ့။ (၅)ဖာလုံအတွင်းလောက်မှာပဲ ပျက်စီးမှုဆိုးဆိုးရွားရွားရှိတာပေါ့။ အဲနေရာတွေကို ဦးစားပေးပြင်မှာပါ။ ကျန်တဲ့အပိုင်းတွေကတော့ တအားကြီး ဆိုးဆိုးရွာရွားမရှိပါဘူး။ လက်ရှိ ကနဦးကတော့ ချိုင့်ပေါက်တွေကို ကျောက်ဖြည့်သဲညှပ်တဲ့စနစ်နဲ့ ဆောင်ရွက်ပေးပါမယ်။ ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ကြိုတင်ရော ကျောက်ကတ္တရာနဲ့ ဖာထေးဆောင်ရွက်ပါမယ်။  မိုးတွင်းကာလမှာ ခုဖြစ်နေတာတွေကို အထိုက်လျောက် အဆင်ပြေအောင် ဆောင်ရွက်ပါမယ်။ ပွင့်လင်းရာသီရောက်ရင်တော့ ကတ္တရာလောင်း ဖာထေးပြုပြင်ခြင်း၊ အနိမ့်အမြင့်ဖြည့်ညှိခြင်း လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ပေးဖို့ရှိပါတယ်ဟု ဦးရန်နိုင်ဇော်က ဆက်လက်ဖြေကြားသည်။

လမ်းပြင်ဆင်နိုင်ရေးအတွက် ယခင်ကတည်းက ပြည်ထောင်စုထံ တင်ပြခဲ့ပြီးဖြစ်ကြောင်းလည်း ညွှန်မှူးက ဆိုသည်။

Most Read

Most Recent