ယီမင်နိုင်ငံရှိ အီရန် ကျောထောက်နောက်ခံပြု ဟူရ်သီသူပုန်များနှင့် ဆော်ဒီအာရေဗျနိုင်ငံကြား အပြန်အလှန်တိုကိခုက်မှုများဖြစ်ပွားနေချိန်တွင် အဆိုပါ ပဋိပက္ခကို စစ်ရေးအရ ဖြေရှင်းနိုင်မည့် နည်းလမ်းမရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အာရက်ချီက ဇူလိုင် ၂၅ ရက်တွင် ပြောကြားခဲ့သည်။
"ယီမင်ပြဿနာ၊ ဘက် အယ်လ်မန်ဒက် ရေလက်ကြားနဲ့ အခြား ဒေသတွင်း ပြဿနာတွေအတွက် စစ်ရေးအရ ဖြေရှင်းနိုင်မယ့် နည်းလမ်းမရှိဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" ဟု အာရက်ချီက အီရန်နိုင်ငံပိုင် Iran Daily သတင်းစာက ဇူလိုင် ၂၂ ရက်တွင် ထုတ်ဝေခဲ့သည့် အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့ပြီး ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် တိုက်တွန်းခဲ့သည်။
ယီမင်နိုင်ငံ၏ အခြေအနေသည် အီရန်ကြောင့်ဟု စွပ်စွဲ၍ မရနိုင်ကြောင်းနှင့် ဘာဘ်အယ်လ်မန်ဒက် ရေလက်ကြားတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များသည် ယီမင်၊ ဆော်ဒီအာရေဗျနှင့် ဒေသတွင်း နိုင်ငံများအကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခဟောင်းများနှင့် ပြဿနာများပေါ်တွင် အမြစ်တွယ်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာကေးအီးကလည်း ဟူရ်သီအဖွဲ့နှင့် ဆော်ဒီကြား ဆွေးနွေးပွဲများ ဖြစ်မြောက်စေရန် အီရန်ဘက်မှ ကူညီဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ် ကုလသမဂ္ဂ၏ စေ့စပ်ညှိနှိုင်းပေးမှုဖြင့် အပစ်အခတ်ရပ်စဲခဲ့ပြီးနောက်ပိုင်း ငြိမ်သက်လုနီးပါး ဖြစ်ခဲ့သော ယီမင်နိုင်ငံရှိ ဟူသီသူပုန်များနှင့် ဆော်ဒီအာရေဗျကြား ပဋိပက္ခသည် ယခုလအတွင်း ပြန်လည် အရှိန်မြင့်တက်လာခဲ့ပြီး ဟူရ်သီသူပုန်များက ဆော်ဒီဆိပ်ကမ်းများကို ပိတ်ဆို့ထားကြောင်း ကြေညာခဲ့ကာ အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
Ref: AFP















