မဟာဗျူဟာမြောက် ရေကြောင်းလမ်းအား အမေရိကန်ကလွှဲယူသည်ဟု ဇူလိုင်၁၃ရက်တွင်သမ္မတ ဒေါ်နယ်ထရန့်ကကြေညာလိုက်ပြီးနောက်ဟော်မုဇ်ရေလက်ကြားကို စောင့်ရှောက်ပေးသည့်အတွက် အမေရိကန်ပြည်ထောင်စုသည်အဖိုးအခ ပြန်လည်ရရှိမည်ဖြစ်ဟု ပြောကြားခဲ့သည်။
Fox & Friends ရုပ်သံအစီအစဉ်နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် သမ္မတ ထရန့်က အမေရိကန်သည် ဟော်မုဇ်ရေလက်ကြားကိုစောင့်ရှောက်သူဖြစ်လာမည်ဖြစ်ကာ ယခင်က မည်သည့်အကျိုးအမြတ်မျှ မယူဘဲစောင့်ရှောက်ပေးခဲ့ရသော်လည်း ယခုအခါတွင်မူ ချမ်းသာကြွယ်ဝသော နိုင်ငံများထံမှ ကုန်ကျစရိတ်များကို ပြန်လည်တောင်းခံသွားမည်ဟုဆို သည်။
“ကျွန်တော်တို့ အဲဒီနေရာကို စောင့်ရှောက်ပေးတဲ့အတွက် ငွေပြန်ရမှာပါ။ ငွေကြေးပမာဏ အများအပြား ရမှာဖြစ်ပြီး၊ ကျွန်တော်တို့ လူတွေရဲ့ အသက်အန္တရာယ်ကို ရင်းပြီး ဒါတွေအားလုံး လုပ်ဆောင်ပေးနေရတဲ့အတွက် အခုလို ကုန်ကျစရိတ် ပြန်အမ်းတာကိုပဲ လိုချင်တာပါ" ဟု ၎င်းက ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းပဋိပက္ခတွင် ဧပြီ ၈ ရက်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ပြီးနောက်ပိုင်း အမေရိကန်နှင့် အီရန်တို့ အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် သမ္မတထရန့်၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။
ယင်းတိုက်ခိုက်မှုများကြောင့် ရေလက်ကြားကုန်သွယ်မှုကို ရပ်တန့်စေခဲ့သည့် စစ်ပွဲအား အမြဲတမ်းအဆုံးသတ်နိုင်ရေး ကြိုးပမ်းမှုများ ပိုမိုမြင့်တက်လာစေခဲ့သည်။
လွန်ခဲ့သောရက်သတ္တပတ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသည် အဓိက စွမ်းအင်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြားကိုဗဟိုပြုနေပြီး၊ ရေလက်ကြားကို ထိန်းချုပ်နိုင်ရေးမှာ
အမေရိကန်နှင့် အီရန်တို့ အဓိက အငြင်း ပွားဖွယ်ရာ ပြဿနာလည်းဖြစ်သည်။
ဇူလိုင် ၁၃ ရက်အင်တာဗျူးတွင် ထရန့်ကဆွေးနွေးသဘောတူထားခဲ့သည့် အချက်အလက်များကို အီရန်ဘက်ကပြင်ဆင်ပြောင်းလဲရန် ကြိုးပမ်းနေသည့် ကိစ္စအားဝေဖန်ခဲ့သည်။
"ကျွန်တော်တို့ ရေလက်ကြားကို လွှဲယူနေတာ။ သူတို့မှာ ဘာမှမရှိပါဘူး။ သူတို့က ဘာမှရစရာမရှိပါဘူး။မနေ့က ၁၁ နာရီကြာ အစည်းအဝေးလုပ်ခဲ့ပြီး အားလုံးကို သဘောတူညီခဲ့ကြတာ။ ဒါပေမဲ့ သူတို့ အစည်းအဝေးခန်းထဲက ထွက်သွားပြီးတဲ့နောက် ဖုန်းပြန်ဆက်ပြီး နှစ်ချက်လောက်ပြင်ဆင်ချင်တယ်လို့ ပြောလာတယ်" ဟု ထရန့်ကဖြည့်စွက်ပြောကြားခဲ့သည်။
တစ်ဖက်တွင်လည်း စစ်ပွဲအရှိန် မြင့်တက်လာခြင်းကို တားဆီးနိုင်ရန် ကာတာ၊ ပါကစ္စတန်နှင့် အိုမန်နိုင်ငံက ကြားဝင်စေ့စပ်ပေးသူများနှင့် အစိုးရချင်း ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည်။
အီရန်တော်လှန်ရေးအစောင့်တပ်က ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ပြီဟု ပြောဆိုထားသော်လည်း အမေရိကန်ကမူ ၎င်းရေကြောင်းလမ်းမှာ သင်္ဘောများ သွားလာနိုင်ရန် ပွင့်လျက်ရှိပြီး အီရန်၏ ထိန်းချုပ်မှုအောက်တွင်ဟုမရှိဟုဆိုသည်။
Ref:AFP
Photo- AFP















