ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုရှင် အိုမာယာဂီ တရုတ်နိုင်ငံရှိ AI သုတေသနဌာနသစ်ကို ဦးဆောင်မည်

ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုရှင် အိုမာယာဂီ တရုတ်နိုင်ငံရှိ AI သုတေသနဌာနသစ်ကို ဦးဆောင်မည်
Published 13 July 2026

၂၀၂၅ ခုနှစ် ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုရှင်သုံးဦးထဲမှ တစ်ဦးဖြစ်သူ အိုမာယာဂီသည် ကယ်လီဖိုးနီးယားတက္ကသိုလ် (UC Berkeley) မှ နုတ်ထွက်ပြီး တရုတ်နိုင်ငံရှိ ချင်းဟွာတက္ကသိုလ်သို့ ပြောင်းရွှေ့ကာ AI သုတေသနဌာနသစ်တစ်ခုကို ဦးဆောင်တော့မည်ဖြစ်သည်။

New York Times အဆိုအရ ဘေဂျင်းမြို့ရှိ ​ချင်းဟွာတက္ကသိုလ်က ပြီးခဲ့သည့်သီတင်းပတ်တွင် ဒေါက်တာယာဂီကို တရားဝင်ကြိုဆိုခဲ့ပြီး ၎င်းအား ကမ္ဘာ့ထိပ်တန်း ဓာတုဗေဒပညာရှင်တစ်ဦးအဖြစ် ဂုဏ်ပြုဖော်ပြခဲ့သည်ဟု သိရသည်။

ချင်းဟွာတက္ကသိုလ်၏ ထုတ်ပြန်ချက်တွင် ဒေါက်တာယာဂီက ၎င်း၏ ရာထူးသစ်နှင့်ပတ်သက်၍ သိပ္ပံပညာကို ယခင်ကထက် ပိုမိုကြီးမားသည့် ရည်မှန်းချက်များဖြင့် လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းတစ်ခုအဖြစ် ရှုမြင်သည်ဟု ပြောခဲ့သည်။

ဂျော်ဒန်တွင် ​မွေးဖွားပြီး ပါလက်စတိုင်း ဒုက္ခသည်မိဘများမှ မွေးဖွားလာသူ ဒေါက်တာယာဂီသည် ရေမရှိ ၊ မီးမရှိ တစ်ခန်းတည်းရှိသည့် အိမ်တွင် ကြီးပြင်းခဲ့ရသည်။ငယ်စဉ်ကတည်းက ကျောင်းစာအုပ်တွင်ပါရှိသည့် အက်တမ်တည်ဆောက်ပုံများကို စိတ်ဝင်စားခဲ့ပြီး အသက် ၁၅ နှစ်တွင် သားသတ်သမားဖခင်က ၎င်းကို အမေရိကန်သို့ စေလွှတ်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က နိုဘယ်ဆုကိုလက်ခံရန် စတော့ဟုမ်းမြို့သို့ မသွားရောက်မီ The New York Times နှင့် အင်တာဗျူးတွင် ဒေါက်တာယာဂီက ဒေါ်နယ်ထရန့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း ထုတ်​ပြောခဲ့သည်။ ၎င်းက ထရန့်၏ အမျိုးသားရေးဝါဒသည် သိပ္ပံပညာထူးချွန်မှုကို မြှင့်တင်ပေးနေသည့် တက္ကသိုလ်များ၊ ကုမ္ပဏီများကို အန္တရာယ်ဖြစ်စေသည်ဟု ဆိုပြီး ထူးချွန်သည့်ပညာရှင်များက အမေရိကန်နိုင်ငံတင်မကဘဲ တစ်ကမ္ဘာလုံးကိုပါ တိုးတက်အောင် ​ပြောင်းလဲပေးနိုင်သည်ဟု ထောက်ပြခဲ့သည်။

ယခု ဒေါက်တာယာဂီက ချင်းဟွာတက္ကသိုလ်တွင် သိပ္ပံသုတေသနအတွက် ဖွဲ့စည်းထားသည့် AI အင်စတီကျုအသစ်၏ အကြီးအကဲအဖြစ် အချိန်ပြည့် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

Ref: The New York Times

Most Read

Most Recent