၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု အများဆုံးရရှိထားသူအဖြစ် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီနဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်တို့က (၄)ကြိမ်စီနဲ့ ဦးဆောင်နေကြောင်း သိရပါတယ်။
ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲကစပြီး ပရိသတ်တွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဖီဖာဝက်ဘ်ဆိုက်ကတစ်ဆင့် မဲပေးရတာကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတင်ခဲ့တာပါ။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ပွဲစဉ်တွေ ပြီးဆုံးချိန်အထိ စုစုပေါင်း ပွဲ(၁၀၀) ယှဉ်ပြိုင်ကစားအပြီးမှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို မက်ဆီနဲ့ ဘယ်လင်ဂမ်တို့က (၄)ကြိမ်စီ ရရှိထားပြီး ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေ၊ နော်ဝေတိုက်စစ်မှူး ဟာလန်းနဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်တို့က (၃)ကြိမ်စီ ရရှိခဲ့ကြောင်း သိရပါတယ်။
မက်ဆီက အယ်လ်ဂျီးရီးယား၊ သြစတြီးယား၊ ကိတ်ဗက်၊ အီဂျစ်နဲ့ပွဲတွေမှာ ရရှိခဲ့တာဖြစ်ပြီး ဘယ်လင်ဂမ်ကတော့ ဂါနာ၊ ပနားမား၊ မက္ကဆီကို၊ နော်ဝေနဲ့ပွဲတွေမှာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
မက်ဆီက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု အများဆုံးရရှိထားသူအဖြစ် (၁၅)ကြိမ်နဲ့ ရပ်တည်နေပြီး ပြိုင်ပွဲ(၃)ခုမှာ (၄)ကြိမ်နဲ့အထက် ရယူနိုင်တဲ့ တစ်ဦးတည်းသောကစားသမားအဖြစ် စံချိန်တင်ထားကြောင်းလည်း သိရပါတယ်။















