၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာတွဲမြန်မာတစ်နိုင်ငံလုံး ပထမဆုရရှိသူနှင့် ငါးဘာသာဂုဏ်ထူးရှင်တစ်ဦးတို့ကို Bajaj RE Myanmar က လူစီးသုံးဘီးယာဉ် တစ်စီးစီ လှူဒါန်း

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာတွဲမြန်မာတစ်နိုင်ငံလုံး ပထမဆုရရှိသူနှင့် ငါးဘာသာဂုဏ်ထူးရှင်တစ်ဦးတို့ကို Bajaj RE Myanmar က လူစီးသုံးဘီးယာဉ် တစ်စီးစီ လှူဒါန်း
Published 13 July 2026

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာတွဲမြန်မာတစ်နိုင်ငံလုံး ပထမဆုရရှိသူနှင့် ငါးဘာသာဂုဏ်ထူးရှင်တစ်ဦးတို့ကို Bajaj RE Myanmar က ဇူလိုင် ၁၂ ရက်တွင် လူစီးသုံးဘီးယာဉ် တစ်စီးစီ လှူဒါန်းခဲ့ကြောင်း သိရသည်။

Bajaj RE Myanmar သည် ၂၀၂၆ ခုနစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်မှုရရှိခဲ့သည့် ကျောင်းသား/ သူများအနက် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကွင်းတောင်ရပ်ကွက် (၁) လမ်းတွင် နေထိုင်သော ဦးမျိုးထွန်း၊ ဒေါ်စန်းစန်းအေးတို့၏ သမီးငယ် မစုမြတ်အောင်သည် ဂုဏ်ထူး လေးဘာသာဖြင့် ဝိဇ္ဇာဘာသာတွဲတွင် တစ်နိုင်ငံလုံး အမှတ်အများဆုံး ရရှိသူဖြစ်သဖြင့် ၎င်းအား လူစီးသုံးဘီးယာဉ် တစ်စီး လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းမှုနှင့်ပတ်သက်ပြီး မစုမြတ်အောင်၏ ဖခင်ဖြစ်သူက “အခုချိန်ထိ အိပ်မက်မက်နေသလိုပါပဲ။ သမီးရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပြီး ကျွန်တော်တို့မိသားစုကို ဒီလိုကူညီပေးမယ်လို့ မထင်ခဲ့ပါဘူး။ BAJAJ Myanmar ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့ဟာ ကျွန်တော်တို့မိသားစုအတွက် မေ့မရတဲ့နေ့တစ်နေ့ ဖြစ်သွားပါပြီ။ ကျွန်တော်တို့မိသားစုက မချမ်းသာပါဘူး။ ဒါပေမယ့် သမီးက အခက်အခဲကို အကြောင်းပြချက်မလုပ်ဘဲ နေ့တိုင်း စာကြိုးစားခဲ့တယ်။ ဒီနေ့ တစ်နိုင်ငံလုံးမှာ အမှတ်အများဆုံးရတဲ့အထိ ရောက်လာတော့ ဖခင်တစ်ယောက်အနေနဲ့ ဂုဏ်ယူတာထက် ပိုတဲ့ခံစားချက်မျိုးပါ။ ပင်ပန်းခဲ့သမျှအားလုံး တန်သွားပါတယ်။ ကျွန်တော့်အတွက်တော့ ဒီသုံးဘီးက ယာဉ်တစ်စီးမဟုတ်ပါဘူး။ မိသားစုရဲ့ မျှော်လင့်ချက်ပါ။ ဝင်ငွေပိုကောင်းလာမယ်၊ အလုပ်လုပ်ရတာ ပိုလုံခြုံလာမယ်၊ သမီးရဲ့ ပညာရေးကိုလည်း စိတ်အေးအေးနဲ့ ဆက်လက်ထောက်ပံ့နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီအကူအညီက ကျွန်တော်တို့ဘဝကို တကယ်ပြောင်းလဲပေးမယ့် အခွင့်အရေးတစ်ခုပါ။ ကျွန်တော်တို့လို သာမန်မိသားစုတစ်စုကို ယုံကြည်ပြီး လက်တွဲကူညီပေးတဲ့ BAJAJ Myanmar ကို အထူးကျေးဇူးတင်ပါတယ်။ ဒီကျေးဇူးကို အလုပ်ကြိုးစားပြီး မိသားစုဘဝ ပိုကောင်းအောင် ကြိုးစားသွားပါမယ်။ ဒီလိုအလှူက ကျွန်တော်တို့မိသားစုတစ်စုတည်းကို ကူညီတာမဟုတ်ဘဲ "ကြိုးစားရင် အခွင့်အရေးရှိတယ်" ဆိုတဲ့ မျှော်လင့်ချက်ကို လူအများဆီ ပေးလိုက်တာလို့ ကျွန်တော် ယုံကြည်ပါတယ်။ သားသမီးတွေကို ပြောချင်တာက ဘဝဘယ်လောက်ပဲ ခက်ခဲပါစေ ပညာကို လက်မလျှော့ကြပါနဲ့။ မိဘတွေကိုလည်း ပြောချင်တာက ကိုယ်ပင်ပန်းရင်ပင်ပန်းပါစေ၊ သားသမီးတွေရဲ့ ပညာရေးကို တတ်နိုင်သလောက် အားပေးကြပါ။ ပညာက လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲနိုင်သလို မိသားစုတစ်စုလုံးရဲ့ အနာဂတ်ကိုလည်း ပြောင်းလဲပေးနိုင်ပါတယ်” ဟု ပြောကြားသည််။

အလားတူ ဇူလိုင် ၁၁ ရက်ကလည်း BAJAJ RE Myanmar မှ မင်္ဂလာဒုံမြို့နယ်ရှိ ငါးဘာသာဂုဏ်ထူးရှင်တစ်ဦးဖြစ်သူ မခင်နှင်းဦးထံသို့ သွားရောက်ပြီး BAJAJ RE သုံးဘီးယာဉ်တစ်စီး လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါငါးဘာသာဂုဏ်ထူးရှင် မခင်နှင်းဦး၏ အဖေဖြစ်သူသည် ဘေးတွဲမောင်းရင်း သမီးလေးကို ပျိုးထောင်ပေးခဲ့သည့်အတွက် ဖခင်ဖြစ်သူ ပိုမိုဘေးကင်းလုံခြုံစွာ ဝင်ငွေရှာဖွေနိုင်စေရန်နှင့် သမီးလေး၏ ပညာရေးခရီးလမ်းကို ဆက်လက်ပံ့ပိုးနိုင်စေရန် BAJAJ RE သုံးဘီးယာဉ်တစ်စီးကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent