ရုရှားသည် မြောက်ကိုရီးယားစစ်သား ၃၀၀၀၀ ကျော်ကို ခေါ်ယူရန်ဆန္ဒရှိနေပြီး ယင်းမြောက်ကိုရီးယားစစ်သားများကို လက်ခံရန် အသင့်ပြင်ဆင်နေပြီဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ဇူလိုင် ၂၅ ရက်တွင်ပြောကြားခဲ့သည်။
ရုရှားသည် လေးနှစ်ကျော်ကြာမြင့်လာပြီဖြစ်သည့် ယူကရိန်းစစ်ပွဲအတွင်း အဆိုပါ မြောက်ကိုရီးယားစစ်သားများကို ရုရှားဘက်မှ စစ်ကူအဖြစ် ပူးပေါင်းပါဝင်စေရန် ဆန္ဒရှိနေသည်ဟု ၎င်းကဆိုသည်။
ရုရှားနှင့် မြောက်ကကိုရီးယားကြား ချုပ်ဆိုခဲ့သည့် အပြန်အလှန် ကာကွယ်ရေး သဘောတူညီချက်အရ မြောက်ကိုရီးယားသည် ရုရှား၏ ကာ့စ်ခ်ဒေသအတွင်း ဝင်ရောက်ခဲ့သည့် ယူကရိန်းတပ်ဖွဲ့များ၏ ထိုးစစ်ကို ရုရှားက ပြန်လည် တွန်းလှန်ရာတွင် ကူညီပေးရန်အတွက် ၂၀၂၄ ခုနှစ်တွင် မြောက်ကိုရီးယားစစ်သား ၁၄၀၀၀ ကို ကာ့စ်ခ်ဒေသသို့ စေလွှတ်ခဲ့သည်။
"ရုရှားနဲ့ မြောက်ကိုရီးယားတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ကျွန်တော်တို့ တွေ့မြင်နေရပါတယ်။ ရုရှားဟာ မြောက်ကိုရီးယား တပ်ဖွဲ့ဝင် နောက်ထပ် ၃၀၀၀၀ လောက်ကို ခေါ်ယူချင်နေတာပါ။ အဲဒီမြောက်ကိုရီးယားစစ်သားတွေကို လက်ခံထားရှိဖို့ ဗိုရိုနက်ရှ် ဒေသမှာ ဇွန်လကတည်းက ပြင်ဆင်မှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်" ဟု ဇယ်လန်းစကီးက ၎င်း၏ ညစဉ်ထုတ်လွှင့်သည့် ဗီဒီယို မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ရုရှားကို ပဲ့ထိန်းဒုံးကျည်များအတွက် ဒုံးပစ်လောင်ချာအသစ်များကို ထောက်ပံ့ပေးရန် ပြင်ဆင်နေကြောင်းလည်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
"ဒါဟာ ယူကရိန်းတစ်နိုင်ငံတည်းအတွက်တင် ခြိမ်းခြောက်မှု မဟုတ်ပါဘူး။ ရုရှားဟာ မြောက်ကိုရီးယားကို စစ်တိုက်နည်း သင်ပေးတာ၊ လက်နက်တွေကို ပိုမိုကောင်းမွန်အောင် ပြုလုပ်တာနဲ့ လက်နက်တွေ အသုံးပြုရာမှာ စစ်မြေပြင် အတွေ့အကြုံမှန်တွေ ရရှိအောင် ကူညီပေးနေတာ ဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ မြောက်ကိုရီးယားဒုံးကျည်တွေရဲ့ ပစ်ခတ်မှုအကွာအဝေးအတွင်းမှာရှိနေတဲ့ အာရှနိုင်ငံတိုင်းအတွက် ခြိမ်းခြောက်မှုဖြစ်စေပါတယ်" ဟု ၎င်းက ဆိုသည်။
အဆိုပါ ခြိမ်းခြောက်မှုကို ယူကရိန်းဘက်က တုံ့ပြန်ဆောင်ရွက်သွားမည်ဟု ဇယ်လန်းစကီးက ကတိပြုပြောကြားခဲ့သည်။
Ref: Reuters















