ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ၏ မိတ်ဆွေဟောင်းဖြစ်ပြီး ၎င်း၏အခြေအနေကို အစဉ်အမြဲ ဂရုစိုက်လျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
ဧပြီ ၃၀ ရက်က ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် AFP သတင်းထောက်က မြန်မာနိုင်ငံသမ္မတအသစ် ဦးမင်းအောင်လှိုင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ ဧပြီ ၂၆ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်ဖက်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဆွေးနွေးခဲ့ပါသလောဟု မေးမြန်းခဲ့ခြင်းအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က မိမိတို့အနေဖြင့် သတင်းထုတ်ပြန်ပြီး ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ၏ မိတ်ဆွေဟောင်းဖြစ်ရာ ၎င်း၏အခြေအနေအား မိမိတို့အနေဖြင့် အစဉ်အမြဲ ဂရုစိုက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်း နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံက မိမိနိုင်ငံ၏အခြေအနေနှင့်ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း လျှောက်လှမ်းမှုကို ထောက်ခံအားပေးသလို မြန်မာနိုင်ငံဘက်ပေါင်းစုံက ပို၍ကျယ်ပြန့်သော၊ ပို၍ ခိုင်မာသော၊ ပို၍ရေရှည်ဖြစ်သော ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်ခြင်းကို ထောက်ခံ ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။















