ရေးပြောက်ကျားအဖွဲ့ (YGF) အဖွဲ့က ဖမ်းဆီးထားသည်ဆိုသော ရေးမြို့နယ်မှ ဌာနဆိုင်ရာဝန်ထမ်း (၃) ဦးအနက် အမျိုးသမီးဝန်ထမ်းတစ်ဦး ပြန်လည်လွတ်မြောက်လာကြောင်းသတင်းရရှိသည်။
ပြီးခဲ့သည့် ဧပြ (၁၇) ရက်နေ့က ရေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဌာနခွဲစာရးအပါအဝင် ဝန်ထမ်း (၃) ဦးအား ရေးပြောက်ကျားအဖွဲ့ (YGF) က ရေး - သံဖြူဇရပ်ကားလမ်းပို်ငး ရေးမြို့နယ် လိမ္မော်ခြံကျေးရွာအနီးတွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဖမ်းဆီးခဲ့ရသူများမှာ ရေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဌာနခွဲစာရင်း ဒေါ်တင်တင်ဝင်း၊ ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်နွေးနွေးမာ နှင့် ရေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက ဦးရှင်းသန့်ကိုကို တို့ဖြစ်ကြကြောင်း နှင့် ၎င်းတို့အနက် ဒေါ်တင်တင်ဝင်း အား ကျန်းမာရေးအခြေအနေအရ ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့ဇွန်လ (၁၈) ရက်နေ့ မွန်းတည့် (၁၂) နာရီအချိန်တွင် ဒေါ်တင်တင်ဝင်း မှာ ၎င်းကျန်းမာရေးအခြေအနေမကောင်းသည့်အတွက် ဆေးကုသခံယူရန် ၎င်းအား ဖမ်းဆီးထားသည့်အဖွဲ့က ဘုရားသုံးဆူမြို့ကို လာရောက်ပို့ဆောင်သွားခဲ့ကြောင်းနှင့် ဘုရားသုံးဆူမြို့မှ မော်လမြိုင်မြို့သို့ ပြန်လည်ရောက်ရှိနေပြီးဖြစ်ကြောင်းကို ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက ဌာနခွဲစာရေးဖြစ်သူ ဦးကျော်မျိုးခိုင် ထံကို ဖုန်းနဲ့ ဆက်သွယ်လာပြီး အသိပေးခဲ့သည်ဟု သိရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး ဒေါ်တင်တင်ဝင်း က မော်လမြိုင်မြို့ကို ရောက်ရှိလာပြီးနောက်မှာ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူပြီးတော့ အနားယူနေတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။
ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်နွေးနွေးမာ နှင့် ရေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက ဦးရှင်းသန့်ကိုကို တို့နှစ်ဦးမှာ ဆက်လက်ဖမ်းဆီးခြင်းခံထားရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
အလားတူ ပြီးခဲ့သည့် ဧပြီလ (၂၄) ရက်နေ့ကလည်း ရေးမြို့နယ်၊ ခေါဇာမြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့တာဝန်ခံဖြစ်သူ ဦးကျော်သူ (ဒုတိယဦးစီးမှူး) မှာလည်း ရေး - သံဖြူဇရပ်ကားလမ်း ရေးမြို့နယ် နှစ်ကရင်ကျေးရွာလမ်းဝအနီးတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဧပြီလ (၂၇) ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ရေးမြို့နယ် နှင့် သံဖြူဇရပ်မြို့နယ်ကြား အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး ရေး - သံဖြဇရပ်လမ်းပိုင်းတွင် လက်နက်ကိုင်အဖွဲ့အစည်းမျိုးစုံ လှုပ်ရှားနေကြကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။
အလားတူ ပြီးခဲ့သည့် ဧပြီလ (၁၉) ရက်နေ့က သံဖြူဇရပ် - ရေးကားလမ်း ရေးမြို့နယ် လိမ္မော်ခြံကျေးရွာအနီးတွင် ရေးခရိုင်ထွေ/အုပ် မှ ဌာနခွဲစာရေး ဒေါ်တင်တင်ဝင်း၊ ရေးမြို့နယ်ထွေ/အုပ် မှ အငယ်တန်းစာရေး ဒေါ်နွေးနွေးမာ၊ ရေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးရှင်းသန့်ကိုကို တို့ (၃) ဦးအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရေးပြောက်ကျားအဖွဲ့ (YGF) မှ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပြီး ဧပြီလ (၂၈) ရက်နေ့အထိ မိသားစုနှင့်အဆက်အသွယ်မရသေးကြောင်း ၎င်းတို့၏ မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
မွန်ပြည်နယ် ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြား အမှတ် (၈) ပြည်ထာင်စုလမ်းမကြီး သံဖြူဇရပ် - ရေးလမ်းအပိုင်းတွင် လက်နက်ကိုင်အဖွဲ့အစည်းမျိုးစုံလှုပ်ရှားနေကြကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။















