ရန်ကုန်-မန္တလေး ခရီးစဉ်တွင် အမှတ်(၅)အဆန်နှင့် အမှတ်(၆)အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထား တိုက်ရိုက်စတင်ပြေးဆွဲမည်

ရန်ကုန်-မန္တလေး ခရီးစဉ်တွင် အမှတ်(၅)အဆန်နှင့် အမှတ်(၆)အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထား တိုက်ရိုက်စတင်ပြေးဆွဲမည်
Published 22 April 2026

ရန်ကုန်-မန္တလေး ခရီးစဉ်တွင် အမှတ်(၅)အဆန်နှင့် အမှတ်(၆)အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားကို မေ ၁ ရက်မှစ၍ တိုက်ရိုက်စတင်ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရန်ကုန်-မန္တလေး-ရန်ကုန်ရထားခရီးစဉ်အဖြစ် အမှတ် (၅) အဆန်/အမှတ် (၆) အစုန် လေအေးပေးစက်ပါခေတ်မီ DEMU လူစီးအမြန်ရထားအား ၂၀၂၆ ခုနှစ် မေ ၁ ရက်မှ စတင်၍ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အမှတ်(၅) အဆန်ရထားကို ရန်ကုန်မှ မန္တလေးသို့ နေ့စဉ် နံနက် ၆ နာရီနှင့် အမှတ်(၆) အစုန်ရထားကို မန္တလေးမှ ရန်ကုန်သို့ နေ့စဉ်နံနက် ၆ နာရီတွင် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ်တစ်လျောက် ရပ်တန့်ဘူတာများမှာ တိုးကြောင်ကလေး၊ ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ ရမည်းသင်း၊ သာစည်၊ ကျောက်ဆည်ဘူတာတို့ ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာ အထက်တန်း (၄၈၀၀၀) ကျပ်နှင့် ပထမတန်း (၃၄၀၀၀) ကျပ်တို့ဖြစ်ကြောင်း သိရသည်။

ရန်ကုန် - နေပြည်တော် - ရန်ကုန် ခရီးစဉ်တစ်လျောက် အမှတ် (၃၁) အဆန်/ အမှတ် (၃၂) အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားကိုလည်း ပြေးဆွဲ ပေးသွားမည်ဖြစ်‌ကြောင်း၊ လမ်းခရီး၌ တိုးကြောင်ကလေး၊ ပဲခူး၊ ဒိုက်ဦး၊ တောင်ငူ၊ ပျဉ်းမနားဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာယခင်အတိုင်းဖြစ်ကြောင်း သိရသည်။

အမှတ်(၃၁) အဆန်ရထားကို ရန်ကုန်မှ နေပြည်တော်သို့ နေ့စဉ် နံနက် ၁၀ နာရီနှင့် အမှတ်(၃၂) အစုန်ရထားကို နေပြည်တော်မှ ရန်ကုန်သို့ နေ့စဉ်နံနက် ၁၀ နာရီတွင် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန် - နေပြည်တော် - ရန်ကုန် ခရီးစဉ်တစ်လျောက် အမှတ်(၇)အဆန်/ အမှတ်(၈)အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားကိုလည်း ပြေးဆွဲ ပေးသွားမည်ဖြစ်ပြီး လမ်းခရီး၌ တိုးကြောင်ကလေး၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ ပျဉ်းမနားဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာယခင်အတိုင်းဖြစ်ကြောင်း သိရသည်။

အမှတ်(၇) အဆန်ရထားကို ရန်ကုန်မှ နေပြည်တော်သို့ နေ့စဉ် နေ့လယ် ၁၂ နာရီခွဲနှင့် အမှတ်(၈) အစုန်ရထားကို နေပြည်တော်မှ ရန်ကုန်သို့ နေ့စဉ် နေ့လယ် ၁၂ နာရီခွဲတွင် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်တွင်ပြေးဆွဲမည့် အမှတ်(၅)အဆန်/ အမှတ်(၆)အစုန် DEMU လူစီးအမြန် ရထားများနှင့် ရန်ကုန်-နေပြည်တော်-ရန်ကုန်ခရီးစဉ်တွင်ပြေးဆွဲနေသော အမှတ်(၃၁) အဆန်/အမှတ်(၃၂)အစုန်၊ အမှတ်(၇)အဆန်/ အမှတ်(၈)အစုန် လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများ၏ ထိုင်ခုံလက်မှတ်များအား online Railways Ticketing and payment (ORTP) System ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်းနှင့် ရထားစီးနင်းမှုများပြားလာသည်နှင့်အမျှ ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားအနေဖြင့် ရထားခရီးစဉ်များတိုးချဲ့ပြေးဆွဲပေးခြင်း၊ ရထားတွဲများထပ်မံချိတ်ဆက်ပြေးဆွဲခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent