ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်းစင်ရေးကို တောင်းဆိုခဲ့သည့် အာဆီယံကို မြောက်ကိုရီးယားခေါင်းဆောင်၏ညီမက ပြင်းပြင်းထန်ထန် ဝေဖန်

ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်းစင်ရေးကို တောင်းဆိုခဲ့သည့် အာဆီယံကို မြောက်ကိုရီးယားခေါင်းဆောင်၏ညီမက ပြင်းပြင်းထန်ထန် ဝေဖန်
Published 27 July 2026

ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်းစင်ရေးကို တောင်းဆိုခဲ့သည့် အာဆီယံကို မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်၏ညီမဖြစ်သူ ကင်ယိုဂျုံက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး အာဆီယံ၏ ရပ်တည်ချက်သည် တုံးအပြီး မိုက်မဲကြောင်း ပြောကြားခဲ့သည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ကျင်းပခဲ့သည့် အာဆီယံ၏ နှစ်ပတ်လည် ဆွေးနွေးပွဲတွင် အာဆီယံအဖွဲ့သည် မြောက်ကိုရီးယား၏ နျူကလီးယားစီမံကိန်းအပေါ် အလွန် စိုးရိမ်ဖော်ပြခဲ့ပြီး နျူကလီးယားကင်းစင်သော ကိုရီးယားကျွန်းဆွယ်တွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဖော်ဆောင်နိုင်ရန် တွေ့ဆုံဆွေးနွေးမှုများ၏ အရေးပါပုံကို အလေးပေးပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သော ထုတ်ပြန်ချက်တစ်ခုတွင် ကင်ယိုဂျုံက မြောက်ကိုရီးယား၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို လျစ်လျူရှုကာ အမေရိကန်၏ နျူကလီးယားကင်းစင်ရေးကြွေးကြော်သံအတိုင်း လိုက်ပါဆောင်ရွက်နေသည့် အာဆီယံဆွေးနွေးပွဲ၏ ထင်ရှားပေါ်လွင်သော ရန်လိုသည့် သဘောထားအပေါ် မကျေနပ်ကြောင်း ဖော်ပြခဲ့သည်။

သဘောတရားအရရော လက်တွေ့အရပါ အဓိပ္ပာယ်ကင်းမဲ့သွားခဲ့ပြီဖြစ်သော ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး ဆိုသည်ကို ယနေ့ထိတိုင် ဖက်တွယ်ထားခြင်းမှာ နည်းဗျူဟာမြောက် တွေးခေါ်မှုနှင့် ယုတ္တိဗေဒဆိုင်ရာ ကျရှုံးမှုတစ်ခုဖြစ်ပြီး တုံးအပြီး မိုက်မဲသည့် စိတ်ကူးယဉ်မှုဖြစ်ကြောင်း ကင်ယိုဂျုံက ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent