ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့၌ နေရပ်ပြန် စိုက်ပျိုးတောင်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများအတွက် စပါးမျိုးစေ့ ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ဇွန်၁၈ရက် နံနက် ၁၀ နာရီက ဖယ်ခုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ဖယ်ခုံမြို့နယ် ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်အေးချိုစိန်မှ ရှမ်းပြည်နယ်အစိုးရအနေဖြင့် နေရပ်ပြန်ပြည်သူများအား စိုက်ပျိုးမြေပြုပြင်ဆဲကာလ၌ မိုးစပါး မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးအပ်မည်ဖြစ်ကြောင်း၊ မိမိဒေသ ဝမ်းစာဖူလုံရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးသည် အရေးကြီးကြောင်း၊ တောင်သူများ၏ စိုက်ပျိုးစရိတ် လျော့နည်းသက်သာစေရန် ရည်ရွယ်၍ ရွှေရင်အေးစပါးနှင့် ရွှေအပ်စပါးမျိုးစေ့များကို ဖြန့်ဖြူးပေးအပ်သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်စန္ဒာလင်းမှ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဖယ်ခုံမြို့နယ် အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးမြတ်လင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ကချင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးကိန်မန် ၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ငွေလှိုင်၊ ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်အေးချိုစိန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ရင်၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်စန္ဒာလင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသိန်းဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သင်တို့က နေရပ်ပြန် မိုးစပါးစိုက်တောင်သူများအား ရွှေရင်အေးစပါးနှင့် ရွှေအပ်စပါးမျိုးစေ့များ ဖြန့်ဖြူးပေးအပ်ရာ ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာအုပ်စု ၊ မိုးဗြဲကျေးရွာအုပ်စုတို့မှ တောင်သူများက လက်ခံရယူကြပြီး တောင်သူလယ်သမားများကိုယ်စား မိုးဗြဲကျေးရွာအုပ်စုမှ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဖယ်ခုံမြို့နယ် နေရပ်ပြန်ပြည်သူ စိုက်ပျိုးတောင်သူများအား မိုးဗြဲကျေးရွာအုပ်စုရှိ လယ်မြေဧက ၈၀၀ ကျော်နှင့် ကုန်းဆုံကျေးရွာအုပ်စုရှိ လယ်မြေဧက ၃၀၀ ကျော် စုစုပေါင်း ဧက ၁၂၁၂ ဧကအတွက် စပါးတင်း ၁၈၁၈ တင်းအား မိုးစပါးစိုက်တောင်သူ ၆၂၄ ဦးထံ လက်ဝယ်အရောက် ဖြန့်ဖြူးပေးနေမှုအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖွဲ့နှင့် တာဝန်ရှိသူများတို့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။















