ဟုမ္မလင်းမြို့နယ် မြို့မဘုန်းကြီးကျောင်း ဆိပ်ကမ်းတွင် ဆီတင် သင်္ဘော အစင်း ၂၀ ကျော် မီးလောင်မှုဖြစ်ပွားပြီး တစ်ရက်နီးပါးခန့်အကြာမှသာ မီးထိန်းနိုင်ခဲ့ကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရ သိရသည်။
မီးလောင်မှုမှာ ဧပြီ ၂၀ ရက် ညနေ ၆ နာရီခွဲခန့်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ဆိပ်ကမ်းတွင် ရပ်နားထားသည့် ဆီတင်သင်္ဘောများ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ဒီနေ့ နေ့လည်လောက်မှပဲ မီးတော့ ထိန်းနိုင်သွားတယ်။ နည်းနည်းလောင်နေတာလေးတွေတော့ ရှိသေးတာပေါ့။ အများကြီး မဟုတ်တော့ဘူး။ သင်္ဘောကတော့ အစီး ၂၀ ကျော်လောက်ရှိတယ်။ မီးထဲပါသွားတာ။ လူသေတယ်လို့တော့ သိရတယ်။ အရေအတွက်ကတော့ မသိသေးဘူး။ သင်္ဘောတွေက ဆီတင်သင်္ဘောတွေဆိုတော့ ဆုံးရှုံးမှုကလည်းနည်းမှာမဟုတ်ဘူး။ အစီး ၂၀ ကျော်လောက် လောင်ကုန်တာဆိုတော့လေ" ဟု ဟုမ္မလင်း ဒေသခံတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဧပြီ ၂၀ ရက် ညနေ ၆ နာရီ ၂၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဟုမ္မလင်းရပ်ကွက်၊ မြို့မဘုန်းကြီးကျောင်းဆိပ်ကမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း၊ မီးလောင်မှုကို ဟုမ္မလင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် သုံးစီး၊ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ထွက်ခွာငြှိမ်းသတ်လျှက်ရှိကြောင်း ထုတ်ပြန်ထားသည်။
■ ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့















