ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် စက်သုံးဆီ တန်းစီဝယ်ယူရသောအခြေအနေပြန်လည်ဖြစ်ပေါ်နေပြီး ဓာတ်ဆီတစ်လီတာ၏ ပြင်ပပေါက်စျေးမှာ ကျပ် တစ်သောင်း ဝန်းကျင်အထိ ရှိနေကြောင်း တောင်ငူမြို့ခံများထံမှ သိရသည်။
တောင်ငူမြို့တွင် QR ကုစနစ်ဖြင့် စက်သုံးဆီ စတင်ရောင်းချသည့် ပြီးခဲ့သော မတ်လ၊ ဧပြီလများ၌ နာရီပေါင်းများစွာကြာအောင် စက်သုံဆီ တန်းစီစောင့်ဆိုင်းဝယ်ယူခဲ့ရပြီး ထိုကဲ့သို့ နာရီပေါင်းများစွာကြာအောင် တန်းစီစောင့်ဆိုင်းစရာမလိုပဲ အဆင်ပြေ မြန်ဆန်စွာ စက်သုံးဆီဝယ်ယူ၍ရနေသည်မှာ သုံးလဝန်းကျင်ခန့် ရှိလာခဲ့သော်လည်း ယခု ဇူလိုင်လ တတိယအပတ်ခန့်မှစတင်၍ စက်သုံဆီများကို ပြန်လည် တန်းဆီစောင့်ဆိုင်းဝယ်ယူနေရပြီး အခက်အခဲများ ဖြစ်ပေါ်လာကြောင်း သိရသည်။
စက်သုံးဆီတန်းစ်ီဝယ်ယူရသည့်အခြေအနေနှင့်ပတ်သက်ပြီး“မနေ့က ရွှေဝါဆိုင်မှာ မနက် ၈ နာရီလောက်ကတည်းက တန်းစီတာ မနက် ၁၁ နာရီလောက်မှ ကိုယ့်အလှည့်ရောက်တယ်၊ မနေ့က ရောင်းပေးတာလည်း ၁၀၀၀၀ ဖိုးပဲရောင်းပေးတာပါ၊ ဆီပန့် တစ်ဆိုင်နဲ့တစ်ဆိုင်ရောင်းပေးကြတာတော့ မတူဘူး တစ်ချို့ဆိုင်တွေက ကျပ် ၁၂၀၀၀ ဖိုးလည်းရောင်းပေးကြပါတယ်၊ ရောင်းပေးတာ နည်းတာများတာက ပြသာနာမရှိပါဘူး၊ တစ်ချို့ဆီဆိုင်တွေဆို ဆီကားမရောင်သေးဘူး ၊ ဆီကုန်နေတယ် ဆိုတာနဲ့ပဲ ရောင်းကိုရောင်းမပေးကြတော့ ဆီရှားနေတဲ့အချိန် ဆီဆိုင်ရောက်ပြီးမှ ဆီထည့်မရတာက ပိုဆိုးပါတယ်” ဟု တောင်ငူမြို့ခံတစ်ဦးကပြောကြားသည်။
လတ်တလောတွင် ဆီပန့်များတွင်ရောင်းချပေးနေသော ဓာတ်ဆီ တစ်လ်ိီတာ စျေးနှုန်းမှာ ကျပ် ၃၅၀၀ ဝန်းကျင်ခန့်သာရှိနေသော်လည်း ပြင်ပပေါက်စျေးမှာ ဓာတ်ဆီတစ်လီတာ ကျပ် ၉၅၀၀ ၊ကျပ် ၁၀၀၀၀ ဝန်းကျင်အထိ ပေါက်စျေးရှိနေပြီး လိုအပ်လျှင်ဝယ်ယူရန်ပင်မလွယ်ကူကြောင်း တောင်ငူမြို့ခံများထံမှသိရသည်။
ဓာတ်ဆီတစ်လီတာပြင်ပေါက်စျေး မြင့်တက်နေသည့်အခြေအနေနှင့်ပတ်သက်ပြီး “အစောပိုင်း QR ကုတ်စနစ်နဲ့ ထုတ်မှရမယ်ဆိုပြီး ဓာတ်ဆီတွေရောင်းပေးတုန်းကဆိုရင် ဓာတ်ဆီက အပြင်မှာပေါ့နော် ရေသန့်ဘူးနဲ့ တစ်ဘူး(တစ်လီတာ)ကို ကျပ် ၁၂၀၀၀ ၊ ကျပ် ၁၃၀၀၀ အထိ အဲ့လို ပေးဝယ်ခဲ့ရတာ၊ နောက်ပိုင်း တဖြေးဖြေးနဲ့စျေးပြန်ကျလာပြီး တစ်လီတာ ကျပ် ၅၀၀၀ နဲ့ပဲ ဝယ်လို့ရနေတာ တစ်လကျော်နှစ်လလောက် ရှိနေပါပြီ၊ အခု နှစ်ရင်သုံးရက်လောက်ကနေ ဆီရှားလို့ဆိုပြီး စျေးပြန်တက်လာတာ တစ်လီတာကို ကျပ် ၉၅၀၀ နဲ့ မနက်ကပဲ ဝယ်ခဲ့ရပါတယ်၊ ပြင်ပပေါက်စျေးက တစ်နေရာနဲ့တစ်နေရာမတူပါဘူး တစ်ချို့နေရာတွေမှာ ကျပ် ၁၀၀၀၀ နဲ့ရောင်းနေတာတွေလည်းရှိပါတယ်၊ အခုလိုဆီစျေးပြန်တက်လာတော့ ကျွန်တော်တို့လို့ အငှားကယ်ရီသမားတွေ လက်လုပ်လက်စား ဘေးတွဲသမားတွေအတွက် တော်တော်အဆင်မပြေကြပါဘူး” ဟု နေ့စဉ် ကျောင်းကြိုပို့ ကယ်ရီမောင်းသူ မြို့ခံတစ်ဦးကဆိုသည်။
တောင်ငူမြို့တွင် QR ကုတ်စနစ်ဖြင့် စက်သုံးဆီရောင်းချပေးခြင်းကို ပြီးခဲ့သော မတ်လက ဆီပန့်ဆိုင်တစ်ဆိုင်တွင် ကျပ် ၁၅၀၀၀ ဖိုး ကျပ် ၂၀၀၀၀ ဖိုးအထိ ရောင်းချပေးနိုင်ခဲ့သော်လည်း လတ်တလော စက်သုံးဆီရှားပါ၍ ပြန်လည်တန်းစီရချိန်တွင် ဓာတ်ဆီ၊ ကျပ် ၁၀၀၀၀ ဖိုး ၊ ကျပ် ၁၂၀၀၀ ဖိုးအထိသာ ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။
ဇော်ဝင်းချစ်(တောင်ငူ)
ပုံစာ။ တောင်ငူမြို့၌ QR ကုတ်စနစ်ဖြင့် စက်သုံးဆီရောင်းချပေးသော ဆိုင်များတွင် စက်သုံးဆီဝယ်ယူရန်စောင့်ဆိုင်းနေကြသည်ကို ဇူလိူင်လ တတိယပတ်အတွင်းတွေ့ရစဉ်။















