■ မြောက်ကိုရီးယားရေတပ်ကို နျူကလီးယားလက်နက်များ တပ်ဆင်ပေးမည်ဟု ကင်ဂျုံအွန် ပြောကြား

■ မြောက်ကိုရီးယားရေတပ်ကို နျူကလီးယားလက်နက်များ တပ်ဆင်ပေးမည်ဟု ကင်ဂျုံအွန် ပြောကြား
Published 24 June 2026

မြောက်ကိုရီးယားရေတပ်ကို နျူကလီးယားလက်နက်များ တပ်ဆင်ပေးသွားမည်ဖြစ်ပြီး ပိုမိုကြီးမားသည့် စစ်သင်္ဘောများကိုလည်း တည်ဆောက်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပြောကြားခဲ့သည်ဟု ဇွန် ၂၄ ရက်တွင် နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။  

မြောက်ကိုရီးယားသည် နျူကလီးယားစီမံကိန်းနှင့်ပတ်သက်ပြီး ပိတ်ဆို့အရေးယူများ ချမှတ်ခံထားရသော်လည်း မြောက်ကိုရီးယားခေါင်းဆောင်များကမူ နျူကလီးယားအစီအစဉ်သည် အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့၏ ခြိမ်းခြောက်မှုကို မဖြစ်မနေတားဆီးရန်အတွက် မရှိမဖြစ် လိုအပ်သောအရာတစ်ခုအဖြစ် ဆက်လက်လုပ်ဆောင်သွားမည်ဟု သန္နိဋ္ဌာန်ချထားသည်။

ပြီးခဲ့သည့်နှစ်က ရေချနိုင်ခဲ့သည့် တန်ချိန် ၅၀၀၀ ရှိ စစ်သင်္ဘောနှစ်စင်းအနက် တစ်စင်းဖြစ်သော Choe Hyon စစ်သင်္ဘောကို နမ်ပိုဆိပ်ကမ်းမြို့တွင် ဇွန် ၂၃ ရက်က ပြုလုပ်ခဲ့သည့် တပ်တော်ဝင်အခမ်းအနား၌ ကင်က ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

"ရေတပ်ကို နျူကလီးယားလက်နက်တွေ တပ်ဆင်ပေးမယ့် စီမံကိန်းဟာ လျာထားတဲ့ လမ်းကြောင်းအတိုင်း လွဲချော်မှုမရှိဘဲ လျှောက်လှမ်းနေပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ နျူကလီးယားအင်အားစုကို ဘက်ပေါင်းစုံက ထိရောက်တဲ့ စစ်ဆင်ရေးတွေအတွက် အသင့်ဖြစ်နေစေမှာဖြစ်တာကြောင့် အလွန်အရေးကြီးတဲ့ မဟာဗျူဟာမြောက်လမ်းစဉ်တစ်ခုဖြစ်ပါတယ်"  ဟု အခမ်းအနားတွင် ကင်က ပြောကြားခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။

Choe Hyon စစ်သင်္ဘောတွင် အစွမ်းထက်ဆုံး လက်နက်များ တပ်ဆင်ထားကြောင်း မြောက်ကိုရီးယားက ယခင်ကတည်းက ပြောကြားခဲ့ဖူးပြီး ခေါင်းဆောင်ကင်သည် ဧပြီလက အဆိုပါစစ်သင်္ဘောပေါ်မှ ခရုစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုကို ကိုယ်တိုင်ကြီးကြပ်ခဲ့သည်။

"Choe Hyon စစ်သင်္ဘောပြီးရင်တော့ ဖျက်သင်္ဘော Kang Kon ကိုလည်း စစ်ဆင်ရေးတွေအတွက် မကြာမီ တာဝန်ပေးအပ်သွားမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့ဟာ တန်ချိန် ၁၀၀၀၀ ရှိတဲ့ မဟာဗျူဟာမြောက် စစ်သင်္ဘောတွေကို တစ်စင်းပြီးတစ်စင်း ဆက်တိုက် ရေချသွားမှာပါ" ဟု ကင်က ပြောကြားခဲ့ကြောင်း KCNA သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားအနေဖြင့် တန်ချိန် ၁၀၀၀၀ အဆင့်ရှိ ခရူဇာစစ်သင်္ဘောတစ်စင်း အပါအဝင် နှစ်စဉ်နှစ်တိုင်း Choe Hyon စစ်သင်္ဘောထက် အဆင့်မြင့်သည့် စစ်သင်္ဘောနှစ်စင်းစီကို  တည်ဆောက်သွားရန် ရည်မှန်းထားကြောင်း ကင်က ပြောကြားခဲ့သည်။

အမေရိကန်ရေတပ်တွင် အစင်းရေ ဒါဇင်နှင့်ချီရှိသည့် Arleigh Burke အမျိုးအစား ဖျက်သင်္ဘောများ သို့မဟုတ်  တောင်ကိုရီးယား၏ Sejong the Great အမျိုးအစား စစ်သင်္ဘောကဲ့သို့ တန်ချိန် ၁၀၀၀၀ အဆင့်ရှိ စစ်သင်္ဘောတစ်စင်းသည် ပုံမှန်အားဖြင့် အလျား ၁၅၀ မီတာ မှ ၁၇၀ မီတာ (၄၉၂ ပေ မှ ၅၅၇ ပေခန့်) အထိ ရှည်လျားပြီး ဘောလုံးကွင်း တစ်ကွင်းခွဲခန့် အရွယ်အစားရှိကာ မော်တော်ကားအစီးရေ ထောင်ပေါင်းများစွာနှင့် ညီမျှသော အလေးချိန်ရှိသည်။

တောင်ကိုရီးယားရေတပ်တွင် တန်ချိန် ၅၀၀၀ ကျော်ရှိသော စစ်သင်္ဘော အစင်းရေ ၁၀ စင်းထက်မက ရှိနေပြီး မြောက်ကိုရီးယားတွင်မူ နှစ်စင်းသာရှိသည်။

"တန်ချိန် ၁၀၀၀၀ အဆင့်ကို ရောက်ရှိဖို့ ကြိုးပမ်းတာဟာ မြောက်ကိုရီးယားအတွက်တော့ ပြည်တွင်းပြည်ပ ပြသနိုင်မယ့် သင်္ကေတတစ်ခုဖြစ်လာပါလိမ့်မယ်" ဟု Sangji တက္ကသိုလ်မှ စစ်ဘက်ဆိုင်ရာလေ့လာရေး ပါမောက္ခ ချွဲဂီအီက ပြောကြားခဲ့သည်။

"ဒီလောက်ကြီးမားတဲ့ စစ်သင်္ဘောတစ်စင်းကို တည်ဆောက်ပြတာဟာ တောင်ကိုရီးယားရဲ့ ရေတပ်အင်အားနောက်မှာ နောက်ကျကျန်မနေခဲ့စေရဘူးဆိုတဲ့ မြောက်ကိုရီးယားရဲ့ ပြတ်သားတဲ့စိတ်ပိုင်းဖြတ်မှုကို ပြသရာရောက်ပါလိမ့်မယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

Ref: AFP

 

Most Read

Most Recent