ကွယ်လွန်သွားပြီဖြစ်သည့် အီရန်နိုင်ငံ၏ အဓိပတိခေါင်းဆောင် အလီခါမေနီ၏ ဈာပနအခမ်းအနားကို လာမည့် ဇူလိုင် ၄ ရက်တွင် တဟီရန်မြို့၌ စတင်ကျင်းပမည်ဖြစ်ပြီး ဇူလိုင် ၉ ရက်တွင် ၎င်း၏ဇာတိမြေ မက်ရှ်ဟတ်မြို့၌ မြှုပ်နှံသင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများက ကြေညာလိုက်သည်။
ဇူလိုင် ၄ ရက်မှစ၍ တဟီရန်၌ သုံးရက်ကြာ ဈာပနအခမ်းအနားများ ကျင်းပပြီးပါက ဇူလိုင် ၇ ရက်တွင် Qom မြို့၌ ဆက်လက်ကျင်းပကာ ဇူလိုင် ၉ ရက်တွင် သင်္ဂြိုဟ်ခြင်းအခမ်းအနားကို ပြုလုပ်မည်ဖြစ်သည်။
အသက် ၈၆ နှစ်အရွယ်ရှိ ခါမေနီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ၎င်း၏ နေအိမ်ဝင်းအတွင်း အမေရိကန်-အစ္စရေး ပူးပေါင်းလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း ခါမေနီ၏ အသက် ၅၆ နှစ်အရွယ် သားဖြစ်သူ မိုဂျ်တာဘာ ခါမေနီလည်း ဒဏ်ရာရခဲ့ပြီး ၎င်းက ဖခင်၏နေရာကို ဆက်ခံကာ အဓိပတိဖြစ်လာခဲ့သည်။ သို့သော် အမေရိကန်-အစ္စရေး စစ်ပွဲစတင်ကတည်းက ခေါင်းဆောင်သစ် မိုဂျ်တာဘာကို လူမြင်ကွင်း၌ မတွေ့ရသေးပေ။
အစ္စလာမ်မစ်ဥပဒေအရ ကွယ်လွန်သူကို အမြန်ဆုံး သင်္ဂြိုဟ်ရန် လိုအပ်ပြီး သေဆုံးပြီး ၂၄ နာရီအတွင်း သင်္ဂြိုဟ်ပါက အကောင်းဆုံးဖြစ်သည်။ သို့သော် စစ်မက်ဖြစ်ပွားနေချိန် အခြေအနေမျိုးတွင်မူ ခြွင်းချက်အနေဖြင့် ရွှေ့ဆိုင်းခွင့်ရှိသည်။
ခါမေနီသည် အစ္စလာမ်မစ်တော်လှန်ရေးကို ဦးဆောင်ခဲ့သူ အယာတိုလာ ရူဟိုလာ ခိုမေနီ ကွယ်လွန်ပြီးနောက် ၁၉၈၉ ခုနှစ်မှစတင်ကာ အီရန်ကို ဦးဆောင်ခဲ့သူဖြစ်သည်။၎င်းအုပ်ချုပ်စဉ်အတွင်း ခါမေနီသည် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ ကြားခံလက်နက်ကိုင်အဖွဲ့များမှတစ်ဆင့် အရှေ့အလယ်ပိုင်းဒေသတစ်ခွင် ၎င်း၏စစ်ရေးသြဇာကို ဖြန့်ကြက်ကာ အီရန်ကို အားကြီးသည့် အမေရိကန်ဆန့်ကျင်ရေး အင်အားစုတစ်ခုဖြစ်အောင် တည်ဆောက်ခဲ့သည်။
Ref & Photo: Al Jazeera















