ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင် ၇ ရက်က ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း၌ မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ရာ စာသင်ကျောင်းတစ်ကျောင်းမှ ကလေးငယ် ခုနစ်ဦးနှင့် ဆရာတစ်ဦး သေဆုံးခဲ့ပြီး ယခုသီတင်းပတ်အတွင်း မိုးရွာသွန်းမှုကြောင့် ဖြစ်ပွားသည့် ဘေးအန္တရာယ်များကြောင့် သေဆုံးသူအရေအတွက်မှာ နှစ်ဆအထိ မြင့်တက်လာခဲ့သည်။
စာသင်နေချိန်အတွင်း ဖြစ်ပွားခဲ့သည့် မြေပြိုမှုကြောင့် စာသင်ဆောင်ကို ဖုံးလွှမ်းသွားခဲ့သည့် ရွှံ့နွံများထဲတွင် နစ်မွမ်းသေဆုံးခဲ့ရသော ကလေးငယ်များ၏ ရုပ်အလောင်းများကို ဆယ်ယူနိုင်ရန် ကယ်ဆယ်ရေးသမားများသည် ရွှံ့များကြားမှ ခက်ခက်ခဲခဲ တူးဖော်ခဲ့ကြရသည်။
မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည့် ဒုက္ခသည် ၁ ဒသမ ၂ သန်းကျော်သည် လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားရှိ လူဦးရေထူထပ်သော ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရသည်။
ဒုက္ခသည်အများစုမှာ သစ်တောများ ခုတ်ထွင်ရှင်းလင်းထားသည့် တောင်စောင်းများပေါ်ရှိ လူဦးရေထူထပ်ပြီး အခြေခံမျှသာရှိသော ယာယီနေအိမ်များတွင် နေထိုင်ကြသဖြင့် မုတ်သုံမိုး သည်းထန်စွာရွာသွန်းချိန်၌ မြေဆီလွှာ မတည်မငြိမ်ဖြစ်ကာ မြေပြိုလွယ်စေသည်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မရှင်နာ မိုဟာမက် မီဇာနူရ် ရာမန်က ကလေးငယ် ခုနစ်ဦးနှင့် ၎င်းတို့၏ ဆရာ သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
"စိတ်မကောင်းစရာကတော့ လေးဦးက အခင်းဖြစ်ပွားတဲ့နေရာမှာတင် သေဆုံးခဲ့ပြီး၊ အခြားလေးဦးကတော့ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်" ဟု ရာမန်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
ဇူလိုင် ၆ ရက် ညကလည်း ဒုက္ခသည်စခန်း သုံးခုတွင် လူများ အိပ်ပျော်နေစဉ်အတွင်း မြေပြိုမှုများကြောင့် အနည်းဆုံး လူရှစ်ဦး သေဆုံးခဲ့သေးသည်။
Ref:AFP
Photo:AFP















