■တည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးမှု ကန့်သတ်ချက်များရှိသည့် ဒေသအချို့၌ မြစ်ချောင်းများအနီး တရားမဝင် ရွှေတူးဖော်ခြင်းကြောင့် မြစ်ချောင်းများတိမ်ကောခြင်းနှင့် ရေစီးကြောင်းပျက်စီးခြင်းများရှိသဖြင့် တရားမဝင်ရွှေတူးဖော်ခြင်းကို ထိထိရောက်ရောက် နှိမ်နင်းရန် နိုင်ငံ​တော်သမ္မတ ​ပြောကြား

■တည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးမှု ကန့်သတ်ချက်များရှိသည့် ဒေသအချို့၌ မြစ်ချောင်းများအနီး တရားမဝင် ရွှေတူးဖော်ခြင်းကြောင့် မြစ်ချောင်းများတိမ်ကောခြင်းနှင့် ရေစီးကြောင်းပျက်စီးခြင်းများရှိသဖြင့် တရားမဝင်ရွှေတူးဖော်ခြင်းကို ထိထိရောက်ရောက် နှိမ်နင်းရန် နိုင်ငံ​တော်သမ္မတ ​ပြောကြား
Published 10 June 2026

မြစ်​ချောင်းများအနီး တရားမဝင်ရွှေတူးဖော်ခြင်းလုပ်ငန်းများကို ထိထိရောက်ရောက်နှိမ်နင်းရန် နိုင်ငံ​တော်သမ္မတ​ဦးမင်း​အောင်လှိုင်က ပြောကြားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ဇွန် ၉ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာတွင် ထိုသို့ထည့်သွင်း​​​ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံ​​တော်သမ္မတက ရေကိုအကျိုးရှိစွာအသုံးချရန်နှင့် ပတ်သက်၍ မိမိတို့တစ်နိုင်ငံလုံးရှိ မြစ်ချောင်းများမှ စီးဆင်းလာသည့်ရေများ၏ ၂၀ ရာခိုင်နှုန်းခန့်ကိုသာ ပြန်လည်အသုံးချနိုင်ပြီး ကျန်ရှိသည့် ၈၀ ရာခိုင်နှုန်းခန့်မှာ အသုံးပြုနိုင်မှုမရှိသေးသည်ကို အချက်အလက်များ အရသိရှိရကြောင်း၊ အဆိုပါရေများကို စိုက်ပျိုးရေးလုပ်ငန်း များနှင့် အခြားအကျိုးရှိသည့် နေရာများတွင် အသုံးချနိုင်ရန်လိုကြောင်း၊ အပြည့်အဝအသုံးချနိုင်ရန်အတွက် ရေသိုလှောင်ထိန်းသိမ်းရန် နေရာများလိုအပ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုအပြည့်အဝ ဆောင်ရွက်နိုင်ရန် ကန့်သတ်ချက်များရှိနေသည့် အချို့ဒေသများ၌ မြစ်ချောင်းများအနီး တရားမဝင် ရွှေတူးဖော် သည့်လုပ်ငန်းများကို အလွန်အကျူး လုပ်ဆောင်လာမှုများကြောင့် မြစ်ချောင်းများတိမ်ကောခြင်း၊ နုန်းပို့ချမှု များပြားခြင်းနှင့် ရေစီးကြောင်းပျက်စီးခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ဒေသအလိုက်မှ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် နိုင်ငံ၏အဖိုးတန် ရေသယံဇာတများ ပျက်စီးမှု မရှိစေရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေး၊ ရေကြီးရေလျှံခြင်းများ မဖြစ်ပေါ် စေရေးတို့အတွက် တရားမဝင်ရွှေတူးဖော်ခြင်း လုပ်ငန်းများ ကို ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသခံပြည်သူလူထုအနေဖြင့်လည်း မိမိတို့ ဒေသအလိုက် တရားမဝင်ရွှေတူး ဖော်ခြင်းများ လုပ်ဆောင်မှုမရှိစေရေး သက်ဆိုင်ရာသို့ သတင်းပေးပို့ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့အကျိုးစီးပွားကို ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းနိုင်ရန်လိုကြောင်း ​ပြောကြားသည်။

ထို့ပြင် နိုင်ငံအတွင်းရှိမြစ်ချောင်းများ၌ နုန်းဆယ်ခြင်း လုပ်ငန်းများ၊ ရေအရင်းအမြစ်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ပြီး ရေသယံဇာတကို အကျိုးရှိရှိ အသုံးချသွားနိုင်ရေး စီမံဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ မြစ်ချောင်းများ၌ မြေအောက်တမံများ တည်ဆောက်၍ ရေအရင်းအမြစ်များကို ထိန်းသိမ်းနိုင်ပြီး မြေဆီ၏အစိုဓာတ်ကို ထိန်းသိမ်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ရေအရင်းအမြစ်များကို လုံလောက်စွာရရှိနိုင်မည်ဖြစ်ကြောင်း၊ ရေသုံးစွဲရာတွင် အဟောသိကံအသုံးပြုခြင်းမဖြစ်စေဘဲ ရေသုံးစွဲမှုများကို စနစ်တကျဖြစ်အောင်ဆောင်ရွက် တတ်သည့် ပညာရပ်များကို အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများအပါအဝင် စာသင်ကျောင်းများ၌ သင်ကြားပေးသွားကြရန်လိုကြောင်း၊ ရေအရင်းအမြစ်များကို အကျိုးရှိရှိစီမံ အသုံးချနိုင်မှု မရှိဘဲ အထက်မှအောက်သို့ စီးဆင်းကာ မြစ်ချောင်းများအတွင်း စီးဝင်ခြင်း၊ ထိုမှတဆင့် ပင်လယ်အတွင်းသို့ ရောက်ရှိသွားခြင်းသည် နိုင်ငံတော် အတွက်နစ်နာ ဆုံးရှုံးမှုတစ်ခုပင် ဖြစ်သည်ကို သိရှိနားလည်ကြရန်လို ကြောင်း နိုင်ငံ​တော်သမ္မတက ​ပြောကြားသည်။

ထို့အတူ နိုင်ငံတွင်းရှိ မြစ်များ၊ ချောင်းများအတွင်း ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီး လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ကြောင်း၊ သို့သော်လည်း ရေရှည်ဖြစ်ပေါ် လာမည့် အကျိုးရလာဒ်ကို သိရှိနားလည်ခြင်းမရှိဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည့် အရေးကိုမလိုလားကြသည့် ပြည်တွင်း၊ ပြည်ပမှသွေးထိုးလှုံ့ဆော်နေကြသူများ၏စကားများကို နားယောင်ကာ ကန့်ကွက်ခဲ့မှု နိုင်ငံတော်တွင် ဖြစ်ပေါ်လာခဲ့သင့်သည့် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းကြီးများသည် ယခုအချိန်အထိ နှောင့်နှေးနေရဆဲဖြစ်ကြောင်း၊ ကန့်ကွက်မှုများမရှိခဲ့ပါက ယခုအချိန်တွင် မိမိတို့နိုင်ငံ၌ လျှပ်စစ်ဓာတ်အားများလုံ လောက်စွာ ဖြင့်ရရှိနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရှည်ကိုမျှော်တွေး၍ အားလုံးက စဉ်းစားဆောင်ရွက် ကြရန်လိုကြောင်း နိုင်ငံ​တော်သမ္မတက ​ပြောကြားသည်။

Most Read

Most Recent