ထိုင်းနိုင်ငံဘက်သို့ တရားမ၀င် ၀င်ရောက်သူ မြန်မာနိုင်ငံသား ၂၀ ဦး သည် တာ့ခရိုင် မဲဆောက်မြို့နယ် ထာ့ဆိုင်လွတ် ကျေးရွာအုပ်စုတွင် ဇူလိုင် ၂၅ ရက်နေ့က ဖမ်းဆီးခံရ ကြောင်းသိရသည်။
ထိုင်းအမှတ် (၃) စစ်ဒေသ၊ ရာချမနူ စစ်ကြောင်း (Ratchamanu Task Force) မှ တပ်ဖွဲ့ဝင်များသည် တရားမ၀င်နယ်စပ် ဖြတ်ကျော် မှုခင်းများ တားဆီးရေးအတွက် လုံခြုံရေး ဆောင်ရွက်နေစဥ် ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့နယ် ထာ့ဆိုင်းလွတ်ကျေးရွာအုပ်စု၊ အမှတ် (၂) ရပ်ကွက်ရှိ "မဲမေစတီး" (Mae Moei City) ကုန်တိုက်အနီး တောအုပ်အတွင်းသို့ တရားမဝင် ဝင်ရောက် နေသည့် မြန်မာနိုင်ငံသား ၂၀ ဦးကို တွေ့ရှိ ဖမ်းဆီးခဲ့ကြောင်း ထိုင်း ဒေသတွင်းသတင်းများ ဖော်ပြချက်အရသိရသည်။
ထိုင်းအမှတ်(၃) စစ်ဒေသ ၊ရာချမနူ စစ်ကြောင်း အဖွဲ့သည် နယ်မြေကင်းလှည့်/ကင်းပုန်းဝပ် နယ်မြေစိုးမိုးရေးဆောင်ရွက်စဉ် မသင်္ကာဖွယ် လူစုတစ်စုကို တွေ့ရှိခဲ့သဖြင့် စစ်ဆေးမေးမြန်းရာ တရားဝင် ခရီးသွားလာခွင့် လက်မှတ်နှင့် ပတ်စပို့/အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိကြောင်းသိရသည်။
ထို့ကြောင့် တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၉ ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား ၂၀ ဦး အား သက်ဆိုင်ရာမှ ထိန်းသိမ်းခဲ့ကြောင်းသိရသည်။
ထိုင်းနိုင်ငံဘက်သို့တရားမ၀င် ၀င်ရောက်ခဲ့ပြီး ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားများအား ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက် အရေးယူဆောင်ရွက်နိုင်ရန် တာ့ခ်ခရိုင် (မဲဆောက်) လူဝင်မှုကြီးကြပ်ရေးဌာန (တမ) ရုံးသို့ လွှဲပြောင်းပေးအပ်ထားကြောင်း ထိုင်းနိုင်ငံဘက်မှ လာသော သတင်းများအရ သိရသည်။
■ Source: แม่สอด มีเดีย-Mae Sot Media,
■ Thai News















