အီရန်ဆိပ်ကမ်းများ၏ အဝင်အထွက်ကို အမေရိကန်က ပိတ်ဆို့ထားသော်လည်း ထိုတားမြစ်ချက်ကို ဖောက်ဖျက်ကာ အီရန်ဆိပ်ကမ်းတစ်ခုသို့ ဦးတည်လာသည့် ကုန်တင်သင်္ဘောတစ်စင်းကို ပစ်ခတ်တားဆီးခဲ့ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်က မေ ၃၀ ရက်တွင် ကြေညာလိုက်သည်။
ဂမ်ဘီယာနိုင်ငံအလံ လွှင့်ထူထားသည့် "Lian Star" အမည်ရှိ အဆိုပါသင်္ဘောသည် အမေရိကန်တပ်ဖွဲ့များ၏ သတိပေးချက် ၂၀ ကျော်ကို လျစ်လျူရှုခဲ့သဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်စစ်တပ်က ပြောသည်။ လက်ရှိတွင် အဆိုပါသင်္ဘောသည် အိုမန်ပင်လယ်ကွေ့အတွင်း အင်ဂျင်ရပ်တန့်ကာ မျောပါနေပြီး အမေရိကန်တပ်ဖွဲ့ဝင်များက သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းခြင်း မပြုလုပ်သေးကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ယခုကုန်တင်သင်္ဘောအပါအဝင် အမေရိကန်စစ်တပ်က ၎င်းတို့၏ပိတ်ဆို့မှုကို ဖောက်ဖျက်ရန်ကြိုးပမ်းသည့် သင်္ဘောခြောက်စင်းကို တားဆီးခဲ့ပြီးဖြစ်သည်။ ထိုသင်္ဘောများအနက် တစ်စင်းကို ဆက်လက်ထွက်ခွာခွင့်ပြုခဲ့ပြီး အခြားသင်္ဘော ၁၁၆ စင်းက လမ်းလွှဲသွားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်းစစ်ပွဲ စတင်ခဲ့ပြီးနောက် အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်ခဲ့သည့်အပေါ် လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်က ဧပြီ ၁၇ ရက်တွင်စတင်ကာ အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့လိုက်ခြင်းဖြစ်သည်။အမေရိကန်၏ပိတ်ဆို့မှုသည် အီရန်၏ ကုန်စည်တင်ပို့မှုများကို ကန့်သတ်ရန်နှင့် ငွေကြေးစီးဆင်းမှု ရရှိနိုင်ခြေကို ပိုအားနည်းသွားစေရန် ရည်ရွယ်သည်။
Ref: AP















