အမေရိကန်တွင် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုဖြင့် ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခံထားရပြီး ဒေါ်နယ်ထရန့်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြီးခဲ့သည့်နှစ်က ပြန်လည်လွတ်မြောက်လာသည့် ဟွန်ဒူးရပ်စ်သမ္မတဟောင်း ဟွမ်အော်လန်ဒို ဟာနန်ဒက်ဇ်သည် ဇူလိုင် ၂၆ ရက်တွင် တိုင်းပြည်သို့ ပြန်ရောက်လာပြီဖြစ်သည်။
ဟာနန်ဒက်ဇ်သည် မြို့တော်အနီးရှိ ပါလ်မီရိုလာလေဆိပ်သို့ သီးသန့်လေယာဉ်ဖြင့် ရောက်လာခဲ့ပြီး မိသားစုဝင်များနှင့် ထောက်ခံသူများက ၎င်းကိုကြိုဆိုခဲ့သည်။ ၎င်းကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ကျေးဇူးတင်ကြောင်းလည်း ထောက်ခံသူများနဲ့တွေ့စဉ် ဟာနန်ဒက်ဇ်က ပြောကြားခဲ့သည်။
သို့သော် ဟာနန်ဒက်ဇ်သည် သြဂုတ် ၃ ရက်တွင် လိမ်လည်မှုနှင့် ငွေကြေးခဝါချမှု စွဲချက်များဖြင့် တရားရုံးတွင် ရင်ဆိုင်ရဦးမည်ဖြစ်သည်။၎င်းသည် အစိုးရရန်ပုံငွေ အမေရိကန်ဒေါ်လာနှစ်သန်းကို ၎င်း၏ ပထမအကြိမ် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် အသုံးပြုခဲ့သည်ဟု စွပ်စွဲခံထားရသည်။
၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဟွန်ဒူးရပ်စ်နိုင်ငံကို ဦးဆောင်ခဲ့သူ ဟာနန်ဒက်ဇ်သည် သမ္မတအဖြစ်မှဆင်းပြီးနောက် မူးယစ်ဆေးဝါးမှောင်ခိုမှုဖြင့် အမေရိကန်သို့ လွှဲပေးခံခဲ့ရသည်။
ကိုလံဘီယာထွက် ကိုကင်းများ အမေရိကန်သို့ မှောင်ခိုတင်ပို့ရာတွင် မက္ကဆီကိုမူးယစ်ဘုရင် အယ်လ်ချာပိုအပါအဝင် မူးယစ်ရာဇာများနှင့် ပူးပေါင်းခဲ့သည်ကို တွေ့ရှိကြောင်း ၂၀၂၄ ခုနှစ်တွင် အမေရိကန်တရားရုံးက ဆုံးဖြတ်ခဲ့သည်။ သို့သော် ပြီးခဲ့သည့်နှစ် ဟွန်ဒူးရပ်စ်သမ္မတရွေးကောက်ပွဲ မတိုင်မီ ရက်ပိုင်းအလိုတွင် ထရန့်က ၎င်းအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။















