ကက်စပီယန်ပင်လယ်အတွင်း အီရန်ကုန်တင်သင်္ဘောတစ်စင်းကို ယူကရိန်းက တိုက်ခိုက်ခဲ့သည့်လုပ်ရပ်အပေါ် ငြိမ်ခံနေမည်မဟုတ်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာချီက ဇူလိုင် ၂၆ ရက်တွင် ပြောကြား လိုက်သည်။
X လူမှုကွန်ရက်တွင် တင်ခဲ့သည့်ပို့စ်၌ အီရန်နိုင်ငံခြားရေးဝန်ကြီးက ယူကရိန်းသမ္မတ ဇယ်လန်းစကီးသည် ဥရောပကို စစ်ပွဲအတွင်း ဆွဲသွင်းရန် အစ္စရေးအလိုကျ လုပ်ဆောင်ပြီး ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်သည့် တိုက်ခိုက်မှုကို အမိန့်ပေးခဲ့သည်ဟု ဖော်ပြခဲ့သည်။
ထို့ကြောင့် ယခုဖြစ်ရပ်ကို ငြိမ်နေမည်မဟုတ်ဘဲ တုံ့ပြန်မည်ဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကာဂျာ ကားလပ်စ်နှင့်လည်းကောင်း၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေ လက်ရော့ဗ်နှင့်လည်းကောင်း ဖုန်းဆက်ဆွေးနွေးစဉ် အသိပေးခဲ့ကြောင်း အာရာချီက ဆိုသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဇူလိုင် ၂၅ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး သင်္ဘောပေါက်ကွဲမှုကြောင့် သင်္ဘောသားတစ်ဦး သေဆုံးခဲ့သည်။ထုတ်ပြန်ချက်တွင် အီရန်သည် ရုရှား-ယူကရိန်းစစ်ပွဲတွင် မည်သည့်အခါမှ ဝင်စွက်ဖက်ခဲ့ခြင်း မရှိဟုလည်း ဖော်ပြထားသည်။
သံမဏိများတင်ဆောင်လာသည့် အဆိုပါသင်္ဘောသည် ရုရှားဆိပ်ကမ်းတစ်ခုမှ အီရန်ဆိပ်ကမ်းသို့ ဦးတည်လာစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ယူကရိန်းဘက်ကမူ ကက်စပီယန်ပင်လယ်အတွင်းရှိ ရုရှားစစ်သင်္ဘောတစ်စင်းနှင့် အီရန်နှင့်ဆက်နွယ်သည့် စစ်ဘက်ပစ္စည်းတင် သင်္ဘောများကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
Ref: Xinhua















