■ အီရန်နှင့် သဘောတူညီချက်ရရှိရန် ဖြစ်နိုင်ခြေရှိသေးသည်ဟု သမ္မတ ဒေါ်နယ်ထရန့် ပြောကြား‌သော်လည်း အမေရိကန်က အီရန်ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်

■ အီရန်နှင့် သဘောတူညီချက်ရရှိရန် ဖြစ်နိုင်ခြေရှိသေးသည်ဟု သမ္မတ ဒေါ်နယ်ထရန့် ပြောကြား‌သော်လည်း အမေရိကန်က အီရန်ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်
Published 14 July 2026

အီရန်နိုင်ငံနှင့် သဘောတူညီချက်အသစ်ရရှိရန် ဖြစ်နိုင်ခြေရှိသေးသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သော်လည်း အမေရိကန်က ဇူလိုင် ၁၄ ရက် စောစောပိုင်းတွင် အီရန်ကို လေကြောင်းတိုက်ခိုက်မှုအသစ်များ ထပ်မံပြုလုပ်ခဲ့ရာ နှစ်ဖက်တင်းမာမှုများ တစ်ကျော့ပြန် အရှိန်မြင့်တက်လာခဲ့သည်။

ဇူလိုင် ၁၃ ရက်တွင်  သတင်းတင်ဆက်သူ ဟုချ်ဟူးဝစ်နှင့် တွေ့ဆုံမေးမြန်းခန်း၌ သမ္မတ ထရန့်က "ကျွန်တော်တို့ သူတို့ကို ဒီညမှာ အပြင်းအထန်တိုက်ခိုက်သွားမှာဖြစ်သလို မနက်ဖြန်မှာလည်း ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ခိုက်သွားမှာပါ" ဟု ပြောကြားခဲ့သည်။

ယခုကဲ့သို့ စစ်ရေးတင်းမာမှုများ တစ်ကျော့ပြန်ဖြစ်ပွားလာမည့်အရေး စိုးရိမ်မှုများကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများသည် ကိုးရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့သည်။

အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM)  က အီရန်ကို သုံးညဆက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

CENTCOM က "ဒီတိုက်ခိုက်မှုတွေဟာ အီရန်တပ်ဖွဲ့တွေကို ကြီးမားတဲ့ ထိခိုက်ဆုံးရှုံးမှုတွေ ဆက်လက်ဖြစ်ပေါ်စေမှာဖြစ်ပြီး ဟော်မုဇ်ရေလက်ကြားက အပြစ်မဲ့အရပ်သားတွေနဲ့ ကုန်သင်္ဘောတွေကို တိုက်ခိုက်နိုင်စွမ်းကို လျော့ပါးစေမှာဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

ဇူလိုင် ၁၄ ရက် စောစောပိုင်းတွင် အီရန်သည် သင်္ဘောနှစ်စင်းကို ဟော်မုဇ်ရေလက်ကြားတွင် တိုက်ခိုက်ခဲ့သဖြင့် သင်္ဘောသားတစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူအေအီးက ထုတ်ပြန်ခဲ့သည်။

ရေနံကြွယ်ဝသော ယူအေအီးနိုင်ငံသည် ဒေသတွင်း၌ အမေရိကန်၏ ထိပ်တန်းမဟာမိတ်နိုင်ငံဖြစ်ပြီး အီရန်၏ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

ယူအေအီး ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့၏ X စာမျက်နှာတွင် "အိုမန် ရေပိုင်နက်ထဲက ဟော်မုဇ်ရေလက်ကြားရဲ့ တောင်ဘက် ရေလမ်းကြောင်းကို ဖြတ်သန်းမောင်းနှင်နေတဲ့  မွမ်ဘာဆာနဲ့ အယ်ဘာဟီရာ ရေနံတင်သင်္ဘော နှစ်စင်းကို အီရန်ခရုစ်ဒုံးကျည်နှစ်စင်းက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်" ဟု ဖော်ပြခဲ့သည်။

ယခုတိုက်ခိုက်မှုသည် အီရန်တော်လှန်ရေးအစောင့်တပ်က ဇူလိုင် ၁၃ ရက်တွင် ဘာရိန်း၊ ဂျော်ဒန်၊ ကူဝိတ်၊အိုမန်နိုင်ငံတို့ကို တိုက်ခိုက်မှုအသစ်များ ပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့ပြီးနောက် ဖြစ်ပေါ်လာသော တိုက်ခိုက်မှုဖြစ်သည်။

အမေရိကန်သည် အီရန်နှင့် စစ်ရေးပဋိပက္ခများကို တစ်ကျော့ပြန် စတင်နေပြီဖြစ်ကြောင်း သမ္မတ ထရန့်က လွန်ခဲ့သည့် သီတင်းပတ်တွင် ကွန်ဂရက်သို့ တရားဝင်အကြောင်းကြားခဲ့သည်ဟု အိမ်ဖြူတော်က AFP သတင်းဌာနကို အတည်ပြုပြောကြားခဲ့သည်။ 

ယင်းသို့ အကြောင်းကြားခဲ့ခြင်းကြောင့် ပင်တဂွန်က လွှတ်တော်၏အတည်ပြုချက်မလိုဘဲ အရှေ့အလယ်ပိုင်းတွင် စစ်ဆင်ရေးများကို ရက်ပေါင်း ၆၀ ထပ်မံလုပ်ဆောင်ခွင့် ရရှိသွားမည်ဖြစ်သည်။

ထို့အပြင် အီရန်နိုင်ငံက တရားဝင်ကြေညာထားခြင်းမရှိသော နျူကလီးယားသန့်စင်စက်ရုံ တည်ဆောက်နေသည်ဟု အနောက်အုပ်စု၏ထောက်လှမ်းရေးများ သံသယရှိနေသည့် နာတန့်ဇ်ဒေသအနီး မြေအောက်၌ နက်ရှိုင်းစွာ တည်ဆောက်ထားသော Pickaxe Mountain နျူကလီးယားစခန်းအား ဖျက်ဆီးပစ်မည်ဟုလည်း ထရန့်က ခြိမ်းခြောက်ခဲ့သည်။

ထရန့်က "အီရန်တွေကို ပြင်ဆင်ထားဖို့ ပြောလိုက်ပါ။ ကျွန်တော်တို့ လာနေပြီဆိုတာ သူတို့သိရမှာပါ။ သူတို့ ဘာမှတတ်နိုင်မှာမဟုတ်ဘူး" ဟု ဟုချ်ဟူးဝစ်ကို ပြောကြားခဲ့သည်။

သမ္မတထရန့်၏ အမိန့်အရ CENTCOM သည် ဇူလိုင် ၁၄ ရက် ဂရင်းနစ်စံတော်ချိန် ၂၀:၀၀ နာရီမှစတင်ကာ အီရန်ဆိပ်ကမ်းများကို ရေကြောင်းပိတ်ဆို့မှုများ ပြန်လည်လုပ်ဆောင်သွားမည်ဟု ကြေညာခဲ့သည်။

Ref: AFP

Photos: AFP

 

Most Read

Most Recent