အီရန်နိုင်ငံ၏ ဘန်ဒါအဘတ်စ်ဆိပ်ကမ်းကို ရေပြင်တိုက်ခိုက်ရေးဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပြီး ယင်းဒရုန်းများကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်စစ်တပ်က ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ဇူလိုင် ၁၂ ရက်က အဆိုပါဆိပ်ကမ်းရှိ ရေငုပ်သင်္ဘောနှင့် သင်္ဘောပြုပြင်ထိန်းသိမ်းရေးဌာနတစ်ခုကို အမေရိကန်၏ Corsair ဒရုန်းသုံးစင်းက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းသည် အမေရိကန်တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ဆင်ရေးတိုက်ပွဲများအတွင်း ရေပြင်ဒရုန်းများကို ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်သည်ဟု အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က X လူမှုမီဒီယာပေါ်တွင် ပြောကြားခဲ့သည်။
အမေရိကန်၏ စစ်ဆင်ရေးတိုက်ပွဲများတွင် ဒရုန်းများ၏ အခန်းကဏ္ဍ ပိုမိုမြင့်မားလာမှုကို မီးမောင်းထိုးပြနေသည့် အဆိုပါတိုက်ခိုက်မှုသည် ကုန်သွယ်ရေးသင်္ဘောများကို ဆက်လက်တိုက်ခိုက်မည့် အီရန်၏ စွမ်းဆောင်ရည်ကို ကျဆင်းစေခဲ့သည်ဟု CENTCOM က ပြောကြားခဲ့သည်။
CENTCOM ၏ X လူမှုမီဒီယာတွင်တင်ထားသည့် ပို့စ်တွင် ရေပြင်ဒရုန်းများသည် ဆိပ်ခံတံတားနှစ်ခုအနီး ပေါက်ကွဲသွားပြီး မီးလောင်ကျွမ်းမှုများဖြစ်ပွားကာ ဆိပ်ကမ်းပေါ်တွင် မီးခိုးများ ထွက်ပေါ်လာသည့် ဗီဒီယိုဖိုင်တစ်ခုလည်း ပါဝင်ခဲ့သည်။
ပြီးခဲ့သည့်လကလည်း အမေရိကန်စစ်တပ်သည် အီရန်၏ ပစ်ချခြင်းကို ခံခဲ့ရသည့် Apache တိုက်ခိုက်ရေးဟယ်လီကော်ပတာပေါ်မှ အမေရိကန်ကြည်းတပ် ပိုင်းလော့နှစ်ဦးကို ကယ်ဆယ်ရာတွင် Corsair ဒရုန်းတစ်စင်းကို အသုံးပြုခဲ့သည်။
Corsair ဒရုန်းကို တက္ကဆက်ပြည်နယ်အခြေစိုက် Saronic Technologies ကုမ္ပဏီက ထုတ်လုပ်ခြင်းဖြစ်ပြီး အလျား ၂၄ ပေရှိကာ ဒီဇယ်အင်ဂျင်သုံး မောင်းသူမဲ့ ရေယာဉ်အမျိုးအစားဖြစ်သည်။
အဆိုပါ ရေပြင်ဒရုန်းကို ပင်လယ်ပြင်တွင် တိုက်ရိုက်ပစ်လွှတ်နိုင်သဖြင့် အရွယ်အစားကြီးမားသော သင်္ဘောကြီးများအနေဖြင့် ဆိပ်ကမ်းသို့ ပြန်စရာမလိုဘဲ ယင်းဒရုန်းကို ပစ်လွှတ်ခြင်းနှင့် ပြန်လည်ဆယ်ယူခြင်းများ ပြုလုပ်နိုင်ကြောင်း ကုမ္ပဏီက ပြောကြားထားသည်။
Ref: AFP
Photos: CENTCOM/USNI















