အီဘိုလာရောဂါပိုး ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေသည့် ယူဂန်ဒါနိုင်ငံသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အကြီးအကဲ တက်ဒရိုစ်အာဒါနွန် ဂေဘရီယေဆုသည် ဇွန် ၈ ရက်တွင် ရောက်ရှိခဲ့သည်။
ယူဂန်ဒါနိုင်ငံတွင် အိမ်နီးချင်းဒီအာကွန်ဂိုမှ ကူးစက်ပြန့်ပွားလာသည့် အီဘိုလာရောဂါကြောင့် လူနှစ်ဦး သေဆုံးခဲ့သည်။
ပြီးခဲ့သည့် မေ ၁၅ ရက်က ဒီအာကွန်ဂိုနိုင်ငံ အရှေ့မြောက်ပိုင်းတွင် စတင်တွေ့ရှိခဲ့ကြောင်း ကြေညာခဲ့သည့် အဆိုပါအီဘိုလာရောဂါပိုး ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ WHO က နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာထားသည်။
WHO ၏အဆိုအရ လက်ရှိတွင် အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြုလူနာ ၅၁၅ ဦးရှိပြီး ၎င်းတို့အနက် ၉၁ ဦး သေဆုံးခဲ့သည့် ကွန်ဂိုနိုင်ငံသို့လည်း တက်ဒရိုစ်သည် မကြာသေးမီက သွားရောက်ခဲ့သေးသည်။
“အခု ကျွန်တော် ယူဂန်ဒါနိုင်ငံကို ရောက်နေပါတယ်။ ယူဂန်ဒါအစိုးရဟာ အီဘိုလာရောဂါ ကူးစက်ပြန့်ပွားမှုကို ဆောလျင်စွာနဲ့ ထိရောက်ကျွမ်းကျင်စွာ တုံ့ပြန်ဆောင်ရွက်နေပါတယ်” ဟု တက်ဒရိုစ်က ၎င်း၏ X လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
“နယ်စပ်တွေမှာ စစ်ဆေးမှုတွေ ပြုလုပ်တာက အိမ်နီးချင်း ဒီအာကွန်ဂိုနိုင်ငံကနေ ရောက်ရှိလာတဲ့ ကူးစက်လူနာတွေကို ရှာဖွေဖော်ထုတ်ရာမှာ အထောက်အကူဖြစ်စေခဲ့ပြီး နိုင်ငံရဲ့ စောင့်ကြည့်စစ်ဆေးမှု၊ ဓာတ်ခွဲစမ်းသပ်မှုနဲ့ လူနာတွေကို စနစ်တကျ ကိုင်တွယ်ကုသမှုစနစ်တွေဟာလည်း တည်ငြိမ်စွာနဲ့ အလုပ်ဖြစ်နေပါတယ်” ဟု ၎င်းက ဆိုသည်။
တက်ဒရိုသည် ဇွန် ၈ ရက်က ယူဂန်ဒါ ကျန်းမာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးနှင့် တွေ့ဆုံခဲ့ကြောင်း ဂျီနီဗာမြို့ရှိ WHO ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုခဲ့သည်။
“တက်ဒရိုစ်ဟာ လက်ရှိဖြစ်ပွားနေတဲ့ အီဘိုလာရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို တုံ့ပြန်ဆောင်ရွက်ဖို့ ယူဂန်ဒါနိုင်ငံရဲ့ အသင့်ဖြစ်မှုအခြေအနေကို ဆန်းစစ်ဖို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကွန်ဂိုနိုင်ငံကနေ အီဘိုလာဗိုင်းရပ်စ်ပိုးတွေ ထပ်မံကူးစက်ပြန့်ပွားမလာအောင် တားဆီးဖို့နဲ့ ရောဂါပိုးကူးစက်မှုကို အဆုံးသတ်နိုင်ဖို့ နယ်စပ်ဖြတ်ကျော် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်တွေကို အားကောင်းအောင် လုပ်ဆောင်မယ့် ကြိုးပမ်းချက်တွေကို ပံ့ပိုးပေးဖို့အတွက်လည်း ရောက်ရှိနေတာဖြစ်ပါတယ်” ဟု ယူဂန်ဒါ ကျန်းမာရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဒိုင်ယာနာ အက်တွိုင်းက X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
“အခုအချိန်အထိ အတည်ပြုထားတဲ့ ကူးစက်လူနာ ၁၉ ဦးထဲက ၁၄ ဦးဟာ ဒီအာကွန်ဂိုနိုင်ငံကနေ ဝင်ရောက်လာသူတွေ ဖြစ်ပြီး ကျန်တဲ့ငါးဦးကတော့ ယူဂန်ဒါနိုင်ငံသားတွေ ဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့ ကွန်ဂိုနိုင်ငံက ကူးစက်လူနာ နှစ်ဦး သေဆုံးသွားခဲ့ရပြီဖြစ်ပါတယ်။ ကျန်ရစ်သူ မိသားစုတွေနဲ့အတူ ထပ်တူဝမ်းနည်းရပါတယ်” ဟု တက်ဒရိုစ်က X တွင် ရေးသားခဲ့သည်။
ယူဂန်ဒါနိုင်ငံတွင် တွေ့ရှိရသည့် အတည်ပြုလူနာများအနက် တစ်ဦးမှာ ယူဂန်ဒါနိုင်ငံသို့ မဝင်ရောက်မီ ယူအေအီးသို့ သွားရောက်ခဲ့ဖူးသည့် ဒီအာကွန်ဂိုနိုင်ငံသားတစ်ဦး ဖြစ်ကြောင်း တက်ဒရိုစ်က ပြောကြားခဲ့သည်။















