ဗင်နီဇွဲလားနိုင်ငံတွင် ဟန်တာဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသူသုံးဦး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သို့သော် လူအချင်းချင်းကူးစက်သည့် အထောက်အထား မတွေ့ရသေးဟုလည်း ဆိုသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံအနောက်တောင်ပိုင်း Barinas ပြည်နယ်တွင် ကျန်းမာရေးဝန်ထမ်းနှစ်ဦး သေဆုံးမှုကလည်း ဟန်တာဗိုင်းရပ်စ် ကူးစက်မှုကြောင့်ဖြစ်နိုင်သည်ဟု သံသယရှိနေကာ ဆက်လက်စစ်ဆေးနေဆဲ ဖြစ်သည်။
ဟန်တာဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်းတွေ့ရှိနိုင်သည့် ဗိုင်းရပ်စ်အုပ်စုဖြစ်ပြီး ကြွက်ကဲ့သို့တိရစ္ဆာန်များမှ အဓိကကူးစက်တတ်သည်။ လူအချင်းချင်း ကူးစက်ခြင်းက အလွန်ရှားပါးပြီး ရောဂါပြင်းထန်ပါက အဆုတ် သို့မဟုတ် ကျောက်ကပ်ပျက်စီးသည်အထိ ဖြစ်ပွားတတ်သည်။
မကြာသေးမီက အတ္တလန္တိတ်သမုဒ္ဒရာအတွင်း အပျော်စီးသင်္ဘော MV Hondius ပေါ်မှ ဟန်တာဗိုင်းရပ်စ်ကူးစက်မှုအတွင်း ခရီးသည်သုံးဦး သေဆုံးပြီး အများအပြား ကူးစက်ခံခဲ့ရသဖြင့် ဟန်တာဗိုင်းရပ်စ်အချို့က လူအချင်းချင်းလည်း ကူးစက်နိုင်ကြောင်း သတိပြုစရာဖြစ်လာခဲ့သည်။ သင်္ဘောက အာဂျင်တီးနားမှ ထွက်ခွာလာခဲ့ပြီး ယခုထိ အာဂျင်တီးနားအာဏာပိုင်များက ဗိုင်းရပ်စ်ဇာစ်မြစ်ကို ဖော်ထုတ်နေဆဲဖြစ်သည်။
Ref: AP















