တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဥပဒေသစ်နှင့် တရုတ်နိုင်ငံရှိ တိုင်းရင်းသားများ၏ ပိုမိုကောင်းမွန်လာသည့်အနာဂတ်သစ်

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဥပဒေသစ်နှင့် တရုတ်နိုင်ငံရှိ တိုင်းရင်းသားများ၏ ပိုမိုကောင်းမွန်လာသည့်အနာဂတ်သစ်
Published 22 July 2026
စုသက်မှူး(မရမ်းကုန်း)

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူတကွ စုစည်းနေထိုင်သည့် ယဉ်ကျေးမှုကြီးမားသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ တရုတ်အစိုးရမှ တရားဝင် အသိအမှတ်ပြုထားသော တိုင်းရင်းသားလူမျိုးစုပေါင်း ၅၆ စု ရှိပြီး အဆိုပါလူမျိုးစုများအနက် ဟန်လူမျိုးသည် စုစုပေါင်းလူဦးရေ၏ ၉၁ ရာခိုင်နှုန်းခန့်ဖြင့် အကြီးဆုံးလူမျိုးစုဖြစ်ပြီး ကျန်ရှိသောတိုင်းရင်းသားလူနည်းစု ၅၅ စုမှာမူ စုစုပေါင်းလူဦးရေ၏ ၉ ရာခိုင်နှုန်းခန့်ရှိသည်။ တိုင်းရင်းသား အနည်းအများအလိုက် ကြည့်မည်ဆိုလျှင် ကွမ်ရှီးဒေသတွင် အဓိကနေထိုင်သည့် ကျွမ့်လူမျိုးများသည် လူဦးရေ ၁၉ သန်းကျော်ဖြင့် လူနည်းစု တိုင်းရင်းသားများထဲတွင် အများဆုံးဖြစ်ပါသည်။ ထို့ပြင် တရုတ်နိုင်ငံတစ်ဝန်း အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသည့် ဟွေးလူမျိုးများ၊ ရှင်ကျန်းဒေသတွင် နေထိုင်ကြသော တာကစ်အနွယ်ဝင် ဝီဂါလူမျိုးများ၊ တိဘက်ဗုဒ္ဓဘာသာနှင့် ထူးခြားသည့် ယဉ်ကျေးမှုဓလေ့ရှိသော တိဘက်လူမျိုးများ၊ မြင်းစီးဓလေ့နှင့် မွေးမြူရေးလုပ်ငန်းဖြင့် ထင်ရှားသည့် မွန်ဂိုလူမျိုးများနှင့် တရုတ်နိုင်ငံ၏ နောက်ဆုံးမင်းဆက်ဖြစ်သော ချင်းမင်းဆက်ကို ထူထောင်ခဲ့သည့် မန်ချူးလူမျိုးတို့သည်လည်း ထင်ရှားသည့် လူမျိုးစုများ ဖြစ်ကြပါသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ယူနန်ပြည်နယ်တွင်လည်း တိုင်းရင်းသားမျိုးနွယ်စု များစွာ နေထိုင်ကြပြီး တိုင်လူမျိုးများသည် မြန်မာနိုင်ငံမှ ရှမ်းလူမျိုးများနှင့် ဘာသာစကား၊ ရိုးရာရေသဘင်ပွဲတော် စသည်တို့ တူညီကြသကဲ့သို့ ဂျင်းဖော၊ လီဆူ၊ ဝ နှင့် လာဟူလူမျိုးတို့သည်လည်း မြန်မာနယ်စပ်ရှိ ကချင်၊ လီဆူး၊ ဝ နှင့် လာဟူ တိုင်းရင်းသားများနှင့် မျိုးနွယ်စုတစ်ဆက်တည်း ဖြစ်ကြသည်ကို တွေ့ရသည်။

ထိုသို့ တိုင်းရင်းသားလူမျိုးပေါင်းစုံရှိကြသည့် တရုတ်နိုင်ငံရှိ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက် တရုတ်အစိုးရအနေဖြင့် လူနည်းစုတိုင်းရင်းသားများ အဓိကနေထိုင်ရာ တိဘက်၊ ရှင်ကျန်း၊ ကွမ်ရှီး၊ မွန်ဂိုးလီးယား စသည့် ဒေသကြီး ၅ ခုကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဖြစ် သတ်မှတ်ပေးထားပြီး လူမျိုးစုအသီးသီးတွင်လည်း ကိုယ်ပိုင်စာပေ၊ ဘာသာစကားနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့များကို အသိအမှတ်ပြု ခွင့်ပြုပေးထားသည်ကို တွေ့ရသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တိုးတက်မှုမြှင့်တင်ရေးဥပဒေသစ် စတင်အသက်ဝင်ခြင်း

ထို့ပြင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် "တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တိုးတက်မှုမြှင့်တင်ရေးဥပဒေ" ကို တရားဝင် စတင်ကျင့်သုံးစေပြီး အသက်ဝင် လာစေရန် ဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရပါသည်။ ထိုဥပဒေသစ် စတင်အသက်ဝင် ကျင့်သုံးလာသည့် အတွက် တရုတ်နိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ ကျေနပ်ပျော်ရွှင်လျက်ရှိကြသည်ဟုလည်း သိရသည်။

"တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တိုးတက်မှုမြှင့်တင်ရေးဥပဒေ"သည် ယခုနှစ် မတ်လ၌ ကျင်းပပြုလုပ်ခဲ့သော (၁၄) ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် ဥပဒေဖြစ်ပြီး တရုတ်နိုင်ငံ၏ လူမျိုးရေးမူဝါဒများတွင် အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်လာပြီဖြစ်သည်။

"တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တိုးတက်မှုမြှင့်တင်ရေးဥပဒေ"သည် တရုတ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါ "လူမျိုးအားလုံး၏ တန်းတူညီမျှမှု၊ စည်းလုံးညီညွတ်မှု၊ အပြန်အလှန်ကူညီမှုနှင့် သဟဇာတဖြစ်မှု" ဟူသည့် အခြေခံမူဝါဒကို အခြေခံထားပြီး၊ ခေတ်သစ်ကာလ၏ လူမျိုးရေး လုပ်ငန်းစဉ်များကို ဥပဒေဘောင်အတွင်းသို့ ခိုင်မာစွာ ထည့်သွင်းထားကို တွေ့ရသည်။

ဥပဒေ၏ ဖွဲ့စည်းပုံနှင့် ပါဝင်သည့်အချက်များကို ကြည့်မည်ဆိုလျှင် ဥပဒေတွင် စုစုပေါင်း ပုဒ်မ ၆၅ ခု ပါဝင်ပြီး နိဒါန်း၊ အထွေထွေပြဋ္ဌာန်းချက်များ၊ မျှဝေခံစားရမည့် စိတ်ဓာတ်ရေးရာ တည်ဆောက်ခြင်း၊ အပြန်အလှန်ဆက်ဆံရေးနှင့် ပေါင်းစည်းမှုကို မြှင့်တင်ခြင်း၊ တူညီသော သာယာဝပြောမှုကို တွန်းအားပေးခြင်း၊ အာမခံချက်နှင့် ကြီးကြပ်မှု၊ ဥပဒေအရ တာဝန်ယူမှုနှင့် နောက်ဆက်တွဲပြဋ္ဌာန်းချက်များဟူ၍ အခန်း (၇) ခန်းဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရပါသည်။

တိုင်းရင်းသားလူမျိုးများအတွက် ဥပဒေ၏ အကျိုးကျေးဇူးများနှင့် အသေးစိတ်အချက်များ

မျှဝေခံစားရမည့် စိတ်ဓာတ်ရေးရာတည်ဆောက်ခြင်းတွင် တိုင်းရင်းသား လူမျိုးပေါင်းစုံမှ ပြည်သူ များအား မှန်ကန်သော နိုင်ငံရေးအမြင်၊ သမိုင်းအမြင်၊ လူမျိုးရေးအမြင်၊ ယဉ်ကျေးမှုအမြင်နှင့် ဘာသာရေး အမြင်တို့ကို ခိုင်မာစွာ ထူထောင်နိုင်ရန် လမ်းညွှန်ပေးထားသည်။ ထိုလမ်းညွှန်ချက်များတွင် လူမျိုးတိုင်း၏ ယဉ်ကျေးမှုနှင့် ဝိသေသလက္ခဏာများကို လေးစားတန်ဖိုးထားရင်း အပြန်အလှန် ဆက်ဆံရေးနှင့် ပေါင်းစည်းမှု မြှင့်တင်ခြင်းတွင် တိုင်းရင်းသားများ အတူတကွ နေထိုင်ခြင်း၊ သင်ယူခြင်း၊ တည်ဆောက်ခြင်း၊ မျှဝေခြင်းနှင့် အတူ လုပ်ကိုင်ပျော်ရွှင်နိုင်မည့် လူမှုရေးအခြေအနေများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန် ပြတ်ပြတ်သားသား ဖော်ပြထားပါသည်။

ဘုံသာယာဝပြောမှုကို တွန်းအားပေးခြင်းတွင် လူမျိုးစုဒေသများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အလေးပေးထားပြီး၊ နိုင်ငံတော်၏ အကူအညီဖြင့် တိုင်းရင်းသားများ၏ လူနေမှုဘဝကို တိုးတက်စေခြင်းနှင့် တရုတ်လူမျိုးများ၏ စည်းလုံးညီညွတ်မှုကို ခိုင်မာစေခြင်းတို့ဖြင့် ကိုက်ညီရမည်ဟု သတ်မှတ်ထားသည်။ ဥပဒေရေးရာ အကာအကွယ်တွင် လူမျိုးရေးခွဲခြားမှု သို့မဟုတ် လူမျိုးရေးစည်းလုံး ညီညွတ်မှုကို ဖျက်ဆီးသည့် လုပ်ရပ်များအား ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ဥပဒေအရ အရေးယူမည်ဟု ဆိုထားပါသည်။ ၎င်းသည် တိုင်းရင်းသားများ၏ တန်းတူအခွင့်အရေးများကို ဥပဒေဖြင့် အခိုင်အမာ ကာကွယ်ပေးခြင်းပင် ဖြစ်သည်ဟု မြင်မိပါသည်။ ထို့ကြောင့်လည်း အသက်ဝင်လာပြီဖြစ်သည့် "တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တိုးတက်မှုမြှင့်တင်ရေးဥပဒေ"သည် တိုင်းရင်းသား လူမျိုးစုအားလုံးအတွက် အကျိုးရှိပြီး အာမခံချက်များစွာ ပေးထားသည်မှာ အားတက်ဖွယ်ရာပင် ဖြစ်သည်။

စာရေးသူသည် တရုတ်နိုင်ငံ၏ နယ်ပယ်ဒေသစုံသို့ ရောက်ရှိခဲ့ဖူးပြီး၊ မတူကွဲပြားသော လူမျိုးစုများ၏ နေထိုင်မှုပုံစံ၊ သူတို့၏ ရိုးရာယဉ်ကျေးမှုနှင့် အပြန်အလှန် လေးစားမှုရှိသော အသိုက်အဝန်းများကို ကိုယ်တိုင်မျက်မြင် ကြုံတွေ့ခဲ့ရဖူးပါသည်။ ထို့ပြင် တရုတ်နိုင်ငံအစိုးရ၏ တိုင်းရင်းသား လူမျိုးစုများနှင့် ၎င်းတို့အပေါ် ထားရှိသော သဘောထားများကိုလည်း ကြားသိခဲ့ရဖူးပါသည်။ အထူးသဖြင့် တိုင်းရင်းသားများကိုယ်စားပြုသည့် "တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တိုးတက်မှုမြှင့်တင်ရေး ဥပဒေ" နှင့် ပတ်သက်ပြီး အောက်ခြေအဆင့် တာဝန်ရှိသူများ၏ ပြောစကားများကို ကြားရသည့်အခါ လွန်စွာစိတ်ဝင်စားမိပါသည်။

ယူနန်ပြည်နယ်မှ ဒုတိယပြည်နယ်ခွဲအုပ်ချုပ်ရေးမှူး လီရွှီထောက်က ဒီဥပဒေပြဋ္ဌာန်းမှုကြောင့် “ယုံကြည်မှု ပိုမိုအားကောင်းလာခြင်း၊ တာဝန်ယူမှု ပိုမိုလက်တွေ့ကျလာခြင်း၊ တောင်းဆိုချက်များ ပိုမိုမြင့်မားလာခြင်း” တို့ ဖြစ်ပေါ်လာကြောင်းနှင့် အရင်ကဆိုလျှင် တိုင်းရင်းသားရေးရာလုပ်ငန်းများကို လုပ်ကိုင်ရာတွင် မူဝါဒများကိုပင် အဓိကထား အားကိုးခဲ့ရသော်လည်း အခုတော့ ခိုင်မာသည့် အထောက်အထားများ ရှိလာပြီဟု ဆိုသည်။

တိုင်းရင်းသားများ၏ နေ့စဉ်ဘဝနှင့် ဥပဒေ

ချင်းဟိုင်ပြည်နယ်မှ မြို့အုပ်ချုပ်ရေးမှူး လီယုံရန်ကမူ ဥပဒေပါ ပြဋ္ဌာန်းချက်များသည် အမှန်တကယ်အားဖြင့် တိုင်းရင်းသားများ နေ့စဉ် ဖြတ်သန်းနေရသည့် ဘဝပုံစံကို ဥပဒေ စကားလုံးများဖြင့် ရေးသားထားခြင်း ဖြစ်ကြောင်း သုံးသပ်ပါသည်။ ဝူရှုမြို့တွင်ဆိုလျှင် ဟန်၊ တူ၊ တိဘက်၊ ဟွေ၊ မန်ချူး၊ မွန်ဂို လူမျိုးများသည် အတူတူ လယ်လုပ်ကြသည်၊ အလုပ်လုပ်ကြသည်၊ ပန်းထိုးကြသည်၊ ကျေးလက်ခရီးသွားလုပ်ငန်းကို အတူတကွ လုပ်ကိုင်ကြပါသည်။ ဒီဥပဒေကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးလုပ်ငန်းသည် “မိသားစုတိုင်း၏ ဥပဒေဆိုင်ရာ တာဝန်ဝတ္တရား” ဖြစ်လာသည်ဟု ပြုံးရွှင်ကျေနပ်စွာ ပြောကြားခဲ့သည့် အင်တာဗျူးများ တွေ့မြင်ရသည်။ သူတို့အစား ဝမ်းသာပျော်ရွှင်ရသည်။

နိုင်ငံတကာ ဆက်သွယ်ရေးနှင့် ဒေသတွင်း ပေါင်းစပ်ဖွံ့ဖြိုးမှုများပါဝင်

ဤဥပဒေ၏ နောက်ထပ်ထူးခြားချက်တစ်ခုမှာ နိုင်ငံတကာ ဆက်သွယ်ရေးစွမ်းရည်ကို မြှင့်တင်ရန်နှင့် ဒေသဆိုင်ရာ ညှိနှိုင်းဖွံ့ဖြိုးတိုးတက်မှုအတွက် ဆန်းသစ်သော နည်းလမ်းများကို ဖော်ဆောင်ထားခြင်း ဖြစ်ပါသည်။ ဤဥပဒေသည် ယခင်ရှိပြီးသား မူဝါဒများကို ပိုမိုခိုင်မာစေရုံသာမက၊ တရုတ်စံနှုန်းဖြင့် ခေတ်မီတိုးတက်ရေးကို တွန်းအားပေးရာတွင် လူမျိုးစုဒေသများအား ဘေးဖယ်မထားဘဲ အတူတကွ ပူးပေါင်းပါဝင်နိုင်စေရန် စနစ်တကျ ပြဋ္ဌာန်းထားသည်ကို တွေ့ရပါသည်။ ၎င်းသည် စီးပွားရေးအရ အားနည်းသောဒေသများကို ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်တွင် တစ်ပါတည်း ပါဝင် လာစေရန် အာမခံချက်ပေးသော ဥပဒေရေးရာ ပံ့ပိုးမှုတစ်ခုလည်း ဖြစ်သည်။

နိုင်ငံနှင့် ပြည်သူအတွက် ဥပဒေ၏ အကျိုးရလဒ်များ

အစိုးရနှင့် ကျွမ်းကျင်သူများ၏ အဆိုအရ အဆိုပါဥပဒေသည် နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဥပဒေအချုပ်အခြာအာဏာတည်မှုကို ဖော်ဆောင်ပေးသည်ဟု သုံးသပ်ကြပါသည်။ လူမျိုးပေါင်းစုံ၏ စည်းလုံးညီညွတ်မှုသည် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တည်ငြိမ်ရေးအတွက် အဓိကကျသော အခြေခံပင် ဖြစ်သည်။ ထို့ကြောင့် လူမျိုးရေးပဋိပက္ခများကို တရားဝင်နည်းလမ်းဖြင့် လျှော့ချရန် ရည်ရွယ်လုပ်ဆောင်ထားသည်ကို အထင်းသား မြင်တွေ့ရသည်။ ထို့ပြင် တူညီသော သာယာဝပြောမှုကို မြှင့်တင်ခြင်းဖြင့် လူမျိုးစုဒေသများ၏ စီးပွားရေးကွာဟချက်ကို ကျဉ်းမြောင်းစေပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် တွေ့ရသည်။ အလားတူ တရုတ်ကွန်မြူနစ်ပါတီ၏ လူမျိုးရေးလုပ်ငန်းဆိုင်ရာ အောင်မြင်မှုများကို နိုင်ငံတော်၏ ဆန္ဒအဖြစ် မြှင့်တင်လိုက်ခြင်းဖြင့် ရေရှည်တည်တံ့သော ခိုင်မာသောမူဝါဒကို ရရှိစေရန် ရည်ရွယ်ထားသည်ကို တွေ့ရသည်။

လူမျိုးစုအသိုင်းအဝိုင်းများ၏ ရှုမြင်ပုံနှင့် အမြင်မျိုးစုံ

ထို့ကြောင့်ပင် အဆိုပါဥပဒေနှင့်ပတ်သက်၍ လူမျိုးစုများအကြား အမြင်မျိုးစုံ ရှိလာခြင်း ဖြစ်သည်။ မြို့ပြဒေသများတွင် အလုပ်လုပ်ကိုင်နေကြသော လူမျိုးစုဝင်များသည် ဤဥပဒေကို "တူညီသော အခွင့်အရေးနှင့် အခွင့်အလမ်း" ရရှိစေမည့် အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်ကြပါသည်။ အထူးသဖြင့် အလုပ်အကိုင်ရရှိရေးနှင့် ပညာရေးဆိုင်ရာ လှုပ်ရှားမှုများတွင် လူမျိုးခွဲခြားမှုမရှိဘဲ တန်းတူအခွင့်အရေးများ ပိုမိုရရှိလာမည်ဟု မျှော်လင့်ကြပါသည်။ ဝေးလံခေါင်သီသော ဒေသရှိ လူမျိုးစုများသည် ဤဥပဒေမှတစ်ဆင့် ၎င်းတို့ဒေသ၏ အခြေခံအဆောက်အအုံ တိုးတက်မှုနှင့် လူမှုဖူလုံရေးဆိုင်ရာ အထောက်အပံ့များ ပိုမိုရရှိလာမည်ကို အလေးထားကြပါသည်။ သို့သော်လည်း ဤဥပဒေကို အကောင်အထည်ဖော်သည့်အခါ ဒေသခံတို့၏ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုများကို မည်မျှထိန်းသိမ်းကာကွယ်ပေးနိုင်မည်ကို စိုးရိမ်မှုအချို့နှင့် စောင့်ကြည့်မှုများလည်း ရှိကြပါသည်။

ပညာရှင်နှင့် သုတေသီများကမူ ဤဥပဒေသည် တရုတ်လူမျိုးများ၏ စုပေါင်းသတိပြုမိမှုကို အဓိကထားခြင်းဖြင့် အမျိုးသားပြန်လည်ရှင်သန်ရေးအတွက် အရေးပါသော အုတ်မြစ်ဖြစ်ကြောင်း ထောက်ပြကြပါသည်။ တရုတ်လူမှုသိပ္ပံအကယ်ဒမီမှ သုတေသီ Wang Yanzhong က ဤဥပဒေသည် ခေတ်သစ်လူမျိုးရေးလုပ်ငန်းများအတွက် အခြေခံအကျဆုံး လမ်းညွှန်ချက်ဖြစ်ပြီး နိုင်ငံတော်၏ စီးပွားရေးမဟာဗျူဟာများနှင့် တိုက်ရိုက်ဆက်စပ်နေသည်ဟု ဆိုပါသည်။

ဥပဒေ၏ ကန့်သတ်ထိန်းချုပ်မှု၊ တာဝန်ယူမှုနှင့် ရှေ့ဆက်မည့် (၁၅) ကြိမ်မြောက် (၅)နှစ်စီမံကိန်း၏ အနာဂတ်မျှော်မှန်းချက်များ ဥပဒေတစ်ရပ်၏ အနှစ်သာရမှာ မြှင့်တင်ရေး သာမကဘဲ၊ စည်းကမ်းထိန်းသိမ်းမှုတွင်လည်း တည်ရှိပါသည်။ ဤဥပဒေသည် အကြမ်းဖက်ဝါဒ၊ ခွဲထွက်ရေးဝါဒ သို့မဟုတ် ဘာသာရေးအစွန်းရောက် လှုပ်ရှားမှုများကို စီစဉ်ခြင်း၊ လုပ်ဆောင်ခြင်းတို့အတွက် ပြတ်ပြတ်သားသား ဆန့်ကျင်ထားပြီး၊ ရာဇဝတ်မှု မြောက်ပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားပါသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများက မိမိတို့၏ တာဝန်ကို ကျေပွန်စွာ မဆောင်ရွက်ခြင်း သို့မဟုတ် လူမျိုးရေး စည်းလုံးညီညွတ်မှုကို ဖျက်ဆီးခြင်းတို့အတွက် ဥပဒေဆိုင်ရာ တာဝန်များကို သတ်မှတ်ပေးထားခြင်းဖြင့် ဘက်စုံအဆင့်ဆင့် တာဝန်ယူမှုစနစ်ကို တည်ဆောက်ထားပါသည်။

၂၀၂၆ ခုနှစ်တွင် စတင်လိုက်သည့် ဤဥပဒေသည် '၁၅ ကြိမ်မြောက် (၅)နှစ်စီမံကိန်း' (၂၀၂၆-၂၀၃၀) ကာလအတွက် အလွန်အရေးပါသော အုတ်မြစ်တစ်ခု ဖြစ်လာပါသည်။ အထူးသဖြင့် တရုတ်လူမျိုးများ၏ ပြန်လည်ရှင်သန်ရေးခရီးတွင် နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားလူမျိုးစုပြည်သူများ၏ အင်အားကို ဥပဒေ နည်းလမ်းဖြင့် စုစည်းရန် ဖော်ဆောင်ထားသည်ကို တွေ့ရသည်။ စာရေးသူ၏ အမြင်အရဆိုရလျှင် ဤဥပဒေသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် လူမျိုးရေး လုပ်ငန်းစဉ်များကို အုပ်ချုပ်မှုစနစ်နှင့် စွမ်းဆောင်ရည်အရ ပိုမိုခေတ်မီစေပြီး၊ တရုတ်လူမျိုး တိုင်းရင်းသားပေါင်းစုံကို ပိုမို နီးကပ်လာစေရန် လမ်းညွှန်ပေးထားသည်ဟု ဆိုချင်ပါသည်။ ထို့ကြောင့် အနာဂတ်တွင် ဤဥပဒေသည် တရုတ်နိုင်ငံရှိ တိုင်းရင်းသား လူမျိုးစုများအတွက် တန်းတူညီမျှမှု၊ စည်းလုံးညီညွတ်မှုနှင့် ဘုံသာယာဝပြောမှုဆီသို့ ပိုမိုတောက်ပသော လမ်းကြောင်းကို ဖော်ဆောင်ပေးနိုင်မည်ဟုလည်း ယုံကြည်မိပါကြောင်း ရေးသားလိုက်ရပါသည်။

Most Read

Most Recent