■ လူကုန်ကူးခံရသူ အမျိုးသမီးများအား သက်သေအဖြစ်ထွက်ဆိုရန်အတွက် ခြောက်လနီးပါးကြာသည်ထိ ထိန်းသိမ်းခံထားရခြင်းနှင့်ပတ်သက်ပြီး မန္တလေးတိုင်းလွှတ်တော်တွင်မေးမြန်း

■ လူကုန်ကူးခံရသူ အမျိုးသမီးများအား သက်သေအဖြစ်ထွက်ဆိုရန်အတွက် ခြောက်လနီးပါးကြာသည်ထိ ထိန်းသိမ်းခံထားရခြင်းနှင့်ပတ်သက်ပြီး မန္တလေးတိုင်းလွှတ်တော်တွင်မေးမြန်း
Published 6 June 2026

လူကုန်ကူးခံရသူ အမျိုးသမီးများအား သက်သေအဖြစ်ထွက်ဆိုရန်အတွက် ခြောက်လကြာသည်ထိ ထိန်းသိမ်းခံထားရခြင်းနှင့်ပတ်သက်ပြီး မန္တလေးတိုင်းလွှတ်တော်တွင် မေးမြန်းခဲ့ကြောင်း သတင်းရရှိသည်။

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ (ဇွန် ၅ ရက်) တွင် အောင်မြေသာစံမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဦးညီညီ (ခ) ဦးကျော်ဆန်းက " အောင်မြေသာစံမြို့နယ်ရှိ၊ ဘုန်းတော်တိုးရပ်ရှိ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာတွင် လူကုန်ကူးခံရသူ အမျိုးသမီးများ ကာလကြာရှည်စွာထိန်းသိမ်းခံနေရသဖြင့် မိဘနေရပ်ထံ ပြန်လည်ပို့ဆောင်ရန် အစီစဉ်ရှိ မရှိ" မေးခွန်းမေးမြန်းခဲ့ခြင်းဖြစ်သည်။

မေးခွန်းနှင့်ပတ်သက်ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက " လူကုန်ကူးမှုများတွင် ပြစ်မှုကျူးလွန်သူ တရားခံများအား ဖမ်းဆီးရမိသည့်အမှုများတွင် ချုပ်ရီမန်ကာလ တစ်လအတွင်း တရားစွဲဆို၍ လူကုန်ကူးခံရသူ အမျိုးသမီးများအား အမြန်ဆုံးသက်သေခံနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပြီး တရားခွင်၌ သက်သေခံပြီးစီးပါက လူကုန်ကူးခံရသူ အမျိုးသမီးများအား ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ အစီအစဉ်ဖြင့် မိဘဆွေမျိုးများထံ ပြန်လည်အပ်နှံခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း၊ သို့သော် တရားခံ မဖမ်းမိသည့် အမှုများဖြစ်နေပါက တရားစွဲတင်ပြီးနောက် တရားခံထွက်ပြေးတိမ်းရှောင်နေသူဟု သိရှိသူ သက်သေများအား တရားခွင်တွင် စစ်ဆေးပြီးနောက် လူကုန်ကူးခံရသူများအား စစ်ဆေးကာ ၎င်းတို့နေထိုင်ရာ အရပ်သို့ ပြန်လည်စေလွှတ်နိုင်ကြောင်း၊ တရားခံပြေးများ ပြန်လည်ဖမ်းမိချိန် လူကုန်ကူးခံရချိန် သက်သေများအနေဖြင့် ရုံးတော်သို့ မလာရောက်နိုင်ပါကလည်း ယခင် ထွက်ဆိုချက်များဖြင့် တရားရုံးသို့ တင်ပြနိုင်ပါကြောင်းနှင့် သက်သေထွက်ဆိုပြီးပါက လူကုန်ကူးခံရသူ အမျိုးသမီးများအား ယာယီလက်ခံစောက်ရှောက်ရေးဂေဟာ၏ အစီအစဉ်ဖြင့် မိဘဆွေမျိုးများထံ ပြန်လည်အပ်နှံပေးအပ်လျက်ရှိကြောင်း၊ ယခုမေးခွန်းမေးမြန်းသည့်ဖြစ်စဉ်ဖြစ်သော လူကုန်ကူးခံရသူအမျိုးသမီး သုံးဦးလုံးမှာ တရားရုံးကို တရားစွဲဆိုတင်ပို့နိုင်ရန် အချိန်ကာလ ခြောက်လကျော်ခန့် ကြာမြင့်သည်ကို တွေ့ရသောကြောင့် နောက်အမှုများစစ်ဆေးရာတွင် ကြန့်ကြာမှုမရှိစေရေးအတွက် အလေးထားကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း" ဖြေကြားခဲ့သည်။

"လူကုန်ကူးခံရသူ အမျိုးသမီးသုံးဦး ဂေဟာမှာ ၂၀၂၅ နှစ်ကုန်ထဲက ရောက်နေတာ ခြောက်လလောက်ရှိပြီ။ သူတို့အနေနဲ့ နေရတာ ကာလကြာရှည်လာတော့ မိဘနေရပ်ထံ ပြန်ချင်ကြတာပေါ့။ သို့သော်လည်း တရားခံက မမိသေးတဲ့အတွက် အမှုနဲ့ပတ်သက်ပြီး ဆောင်ရွက်ဖွယ်ရာမှာရှိနေတဲ့ခါ ကာလကြာရှည်နေတာပေါ့လေ။ အဲဒီအတွက် တရားခံမမိသေးတဲ့ လူကုန်ကူးခံရသူအမျိုးသမီးတွေ ကာလရှည်ကြာ ထိန်းသိမ်းခံရတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရခြင်းဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ ချက်ချင်းဆောင်ရွက်သွားတာ တွေ့ရပါတယ်။ ထိန်းသိမ်းခံထားရတဲ့ နှစ်ယောက်နဲ့ ပတ်သက်ပြီး ၂၉ ရက် ၅ လမှာ တရားခံမမိသော်လည်း သက်ဆိုင်ရာတရားရုံးမှာ တရားစွဲတင်ခြင်း၊ သက်သေထွက်ဆိုခြင်းများ ဆောင်ရွက်ပြီး ၁ ရက်နေ့မှာ ဂေဟာကနေတစ်ဆင့် မိဘနေရပ်ထံ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ကျန်တဲ့တစ်ယောက်ကိုတော့ ၉ ရက်နေ့မှာ တရားရုံး သက်သေထွက်ဆိုပြီးတာနဲ့ မိဘနေရပ်ထံ ပြန်ပို့မယ်လို့ သိရပါတယ်" ဟု မေးခွန်းမေးမြန်းခဲ့သူ ဦးကျော်ဆန်းက ပြောကြားသည်။

 

Most Read

Most Recent