တီမောလက်စ်တေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေသည့် မှားယွင်းစွာ ပုံဖော်ပြောကြားချက်များကို ရှောင်ကြဉ်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန တိုက်တွန်း

တီမောလက်စ်တေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေသည့် မှားယွင်းစွာ ပုံဖော်ပြောကြားချက်များကို ရှောင်ကြဉ်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန တိုက်တွန်း
Published 4 June 2026

တီမောလက်စ်တေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေသည့် မှားယွင်းစွာ ပုံဖော်ပြောကြားချက်များကို ရှောင်ကြဉ်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၃ ရက်တွင် တိုက်တွန်းသည်။

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၆ ခုနှစ် မေ ၃၀ ရက်တွင် စင်ကာပူမြို့၌ ကျင်းပခဲ့သော ရှန်ဂရီလာဆွေးနွေးပွဲ (Shangri-La Dialogue) နှင့် ၂၀၂၆ ခုနှစ် ဇွန် ၂ ရက်တွင် ဂျကာတာမြို့၌ ကျင်းပခဲ့သည့် အာဆီယံနှင့် အရှေ့အာရှစီးပွားရေးသုတေသန (ERIA) အစည်းအဝေးတွင် တီမောလက်စ်တေနိုင်ငံသမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာက မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများနှင့်စပ်လျဉ်းသည့် အထင်အမြင်လွဲမှားစေသည့် ပြောကြားချက်များကို စိတ်မကောင်းဖွယ် တွေ့ရှိရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံအနေဖြင့် အဆိုပါပြောကြားမှုများသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးရာကိစ္စရပ်များအပေါ် ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ပြီး အာဆီယံပဋိညာဉ်ပါ အခြေခံမူများ၊ အထူးသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို လေးစားလိုက်နာမှုမရှိဘဲ ဆန့်ကျင်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု မှတ်ယူကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့သော ပြောကြားချက်များသည် မြန်မာ-တီမောလက်စ်တေ နှစ်နိုင်ငံ ဆက်ဆံရေးကို ဆိုးရွားစွာထိခိုက်စေပြီး အာဆီယံမိသားစုစိတ်ဓာတ်ကိုလည်း ထိခိုက်ပျက်စီးစေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် သမိုင်းကြောင်းဆိုင်ရာအခြေအနေများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ နိုင်ငံရေး၊ လူမျိုးရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးစီးပွားများ ပါဝင်နေသည့်အတွက် အလွန်နက်နဲရှုပ်ထွေးကြောင်း၊ မြန်မာအစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးတည်တံ့ခိုင်မြဲရေးတို့ကို မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင် လုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်ရန် အခိုင်အမာကတိကဝတ်ပြုထားကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာအစိုးရအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်မရေးထိုးထားသောအဖွဲ့များအား ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်နိုင်ရေးနှင့် PDF အကြမ်းဖက်အဖွဲ့ဝင်များကိုလည်း ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ကာ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်ဖိတ်ခေါ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် တီမောလက်စ်တေသမ္မတ၏ လွဲမှားသည့်ပြောကြားချက်များနှင့် ဆန့်ကျင်ကာ နေရာဒေသအများစုတွင် တည်ငြိမ်အေးချမ်းလျက်ရှိကြောင်း၊ နယ်စပ်ဒေသအချို့တွင်သာ လုံခြုံရေးအကန့်အသတ်ရှိနေခြင်းဖြစ်ပြီး ယင်းမှာလည်း လက်နက်ကိုင်အဖွဲ့များ၏ ကျူးကျော်တိုက်ခိုက်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ခုခံကာကွယ်သည့်အနေဖြင့် တုံ့ပြန်ရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုရှိသော မြေပြင်အခြေအနေမှန်များကို မည်သူမဆို ကိုယ်တိုင်လာရောက်ကြည့်ရှုရန် ဖိတ်ခေါ်အပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာနိုင်ငံအနေဖြင့် တီမောလက်စ်တေသမ္မတ၏ နိုင်ငံတကာဖိုရမ်များကို လွဲမှားစွာ အသုံးချ၍ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်များအပေါ် မှားယွင်းစွာပြောကြားနေမှုများကို လေးနက်စွာ ပယ်ချကြောင်း၊ တီမောလက်စ်တေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေသည့် မှားယွင်းစွာ ပုံဖော်ပြောကြားချက်များကို ရှောင်ကြဉ်ရန်နှင့် အာဆီယံပဋိညာဉ်ပါ ရည်ရွယ်ချက်နှင့် အခြေခံမူများကို တာဝန်သိ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် လေးစားလိုက်နာရန် နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထုတ်ပြန်သည်။

 

Most Read

Most Recent