ရှမ်းပြည်နယ်အတွင်း ၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားတွင် အပင်ပေါင်း ၁၀၀၀ ကျော် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့က စိုက်ပျိုးရန် သစ်ပင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက သစ်ပင်စိုက်ပျိုးမည့်နေရာတွင် နေရာယူ၍ တစ်ပါတည်း သစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်မှာ ၂၀၂၆ ခုနှစ်၊ ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ် ထိန်းသိမ်းနိုင်ရန်၊ သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်နှင့် အင်းလေးကန်ရေဝေရေလဲဒေသတွင် သစ်တောများ ပြန်လည်ဖြစ်ထွန်းလာစေရန် ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ပြောကြားသည်။
ရှမ်းပြည်နယ်အတွင်း သစ်တောဦးစီးဌာနအနေဖြင့် ယခုနှစ် မိုးရာသီတွင် သစ်မျိုး ၄၇ မျိုး၊ ပျိုးပင်ပေါင်း ၂၄ သိန်းကျော် ပျိုးထောင်ထားရှိပြီး အင်းလေးကန် ရေဝေရေလဲဒေသထိန်းသိမ်းရေး၊ ကလောမြို့အား ထင်းရှူးမြို့တော်ဖြစ်စေရေး၊ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး အစရှိသည့် စီမံကိန်းများဖြင့် နိုင်ငံပိုင်စီးပွားရေး စိုက်ခင်း ၅၀ ဧက၊ စက်မှုကုန်ကြမ်းစိုက်ခင်း ၁၂၅ ဧက၊ ရေဝေရေလဲစိုက်ခင်း ၅၃၅ ဧက၊ ကျေးရွာထင်းစိုက်ခင်း ၅၅ ဧက၊ သဘာဝတောကျန်များအတွင်း ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း ၇၆ ဧက၊ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း ၃၀ ဧက၊ သဘာဝတော တန်ဖိုးမြှင့်စိုက်ပျိုးခြင်း ၃၅၀ ဧက၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြင့် ကလောမြို့နယ်နှင့် တောင်ကြီးမြို့နယ်များတွင် ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း ၈၇ ဧကနှင့် အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်း ၁,၁၁၀ ဧက စသည့် စိုက်ခင်းများဖြင့် စုစုပေါင်း သစ်တောသစ်ပင် ၁၂ သိန်းကို သစ်တောဦးစီးဌာနက တာဝန်ယူစိုက်ပျိုးလျက်ရှိပြီး ဌာနဆိုင်ရာ၊ တပ်ရင်းတပ်ဖွဲ့နှင့် ပြည်သူလူထုများသို့ သစ်တောသစ်ပင် ၁၂ သိန်းကျော်ကို ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ရှမ်းပြည်နယ်အတွင်း ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများကို မြို့နယ်/ ခရိုင်/ ပြည်နယ်အဆင့် ၄၇ ပွဲကို ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ (ဇွန် ၁၃ ရက်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်သော နေရာများမှာ တောင်ကြီး (ထင်း) ကြိုးဝိုင်းအတွင်းဖြစ်ပြီး အပင်အမြင့် ၃ ပေနှင့် အထက်ရှိသော ခရေ၊ ထင်းရှူး၊ ခါတော်မီ၊ ချယ်ရီ၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ မာတာကွတ် စသည့် သစ်မျိုး ခုနစ်မျိုး၊ ပျိုးပင် စုစုပေါင်း ၁,၀၀၀ ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ရှိပြီးသား သဘာဝသစ်တောများကို တန်ဖိုးထား ထိန်းသိမ်းပြုစုခြင်းနှင့် သစ်တောများမရှိသည့်နေရာတွင် သစ်ပင်စိုက်ပျိုးမှုသည် နိုင်ငံတော်နှင့် ပြည်သူများအတွက် တိုက်ရိုက် အကျိုးဖြစ်စေရုံသာမက ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုများကို တစ်ဖက်တစ်လမ်းက ကာကွယ်တားဆီးရာတွင် အထောက်အပံ့ဖြစ်သကဲ့သို့ လူသားတို့ အသက်ရှင်ရပ်တည်ရေးအတွက်လည်း အဓိကကျပါကြောင်း၊ ထို့ကြောင့် မိမိ မြို့ရွာပတ်ဝန်းကျင်ရှိ သဘာဝသစ်တောများကို တန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်သကဲ့သို့ ရပ်ကွက်၊ ကျေးရွာနှင့် ဌာနဆိုင်ရာပိုင် ရုံးဝန်း၊ ခြံဝန်းများ၊ ဘာသာရေးဆိုင်ရာဧရိယာ၊ ပညာရေးဆိုင်ရာဧရိယာ၊ အများပိုင်ဧရိယာများအတွင်းရှိ သဘာဝအတိုင်း ပေါက်ရောက်နေသည့် အပင်များနှင့် စိုက်ပျိုးသော အပင်များကိုလည်း ဆက်လက်ထိန်းသိမ်းရမည်ဖြစ်ပြီး အပင်မရှိသေးသည့် ရုံးဝန်း၊ နေအိမ်ခြံဝန်းများတွင်လည်း သစ်တောဦးစီးဌာနမှ နှစ်စဉ်အခမဲ့ ဖြန့်ဝေသော သစ်ပင်များကို ရှင်သန်အောင် စိုက်ပျိုးပြုစု ထိန်းသိမ်းဆောင်ရွက်ကြရန် ပြည်နယ်ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့သည်။















