မော်လမြိုင်မြို့တွင် မွန်ပြည်နယ်လွှတ်တော်လုံခြုံရေးတာဝန်ကျရဲတပ်သားတစ်ဦးကို ရေလုပ်သားအဖြစ် ရောင်းစားရန် အမျိုးသားသုံးဦးက ဖမ်းဆီးခေါ်ဆောင်သွားသည့်ဖြစ်စဉ် ဖြစ်ပွား

မော်လမြိုင်မြို့တွင် မွန်ပြည်နယ်လွှတ်တော်လုံခြုံရေးတာဝန်ကျရဲတပ်သားတစ်ဦးကို ရေလုပ်သားအဖြစ် ရောင်းစားရန် အမျိုးသားသုံးဦးက ဖမ်းဆီးခေါ်ဆောင်သွားသည့်ဖြစ်စဉ် ဖြစ်ပွား
Published 21 June 2026

မော်လမြိုင်မြို့တွင် မွန်ပြည်နယ်လွှတ်တော်လုံခြုံရေးတာဝန်ကျရဲတပ်သားတစ်ဦးအား ရေလုပ်သားအဖြစ် ရောင်းစားရန် ဖမ်းဆီးခေါ်ဆောင်သွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇွန်လ (၁၉) ရက်နေ့ ညနေ (၄) နာရီခွဲအချိန်ခန့်က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် လွှတ်တော်လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ ရဲတပ်သားဇော်ဝင်းထွန်းမှာ မော်လမြိုင်မြို့ တောင်ရိုးတန်းပေါ်ရှိ နဂါးမောက်စေတီတော်သို့ ဘုရားဖူးသွားရောက်ခဲ့ပြီး ရင်ပြင်တော်ပေါ်တွင် တစ်ဦးတည်းထိုင်နေစဉ် အမည်မသိ အမျိုးသား (၃) ဦးရောက်ရှိလာပြီး ၎င်းတို့နှင့် လိုက်ခဲ့ရန် ခေါ်ဆောင်ခဲ့ကြောင်း နှင့် ရဲတပ်သားဇော်ဝင်းထွန်းမှ ၎င်းသည် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့်အတွက် မလိုက်နိုင်ကြောင်း ပြောပြရ ထိုအမျိုးသား (၃) ဦးအနက်တစ်ဦးမှ “ဘာရဲလဲ၊ ငါဗိုလ်မှူးဘဲ” ဟုပြောဆိုကာ ရဲတပ်သားဇော်မင်းထွန်းအား နားရင်းနှစ်ချက်ရိုက်၍ အတင်းအဓမ္မချုပ်နှောင်ခေါ်ဆောင်ခဲ့သည်။

ထို့နောက် ၎င်းဗိုလ်မှူးဆိုသူမှ ဆိုင်ကယ်မောင်းနှင်ပြီး၊ နောက်မှတစ်ဦးက ညှပ်ထိုင်ကာ ခေါ်ဆောင်ခဲ့ပြီး ကျန်အမျိုးသားတစ်ဦးမှာ ဆိုင်ကယ်တစ်စီးဖြင့် သီးသန့်လိုက်လာခဲ့ကာ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့သို့ ခေါ်ဆောင်သွားခဲ့ကြောင်း နှင့် ည (၈) နာရီအချိန်ခန့်တွင် ကျိုက္ခမီမြို့ရှိ ရေလုပ်သားပွဲစားတစ်ဦးဖြစ်သူ မတင်ဇာလွင် ဆိုသူ၏ နေအိမ်သို့ အတင်းအဓမ္မ ပို့ဆောင်ခံခဲ့ရသည်။

ထို့နောက် ရဲတပ်သားဇော်မင်းထွန်း မှ ဗိုလ်မှူးဆိုသူနှင့်အဖွဲ့က ပြောခိုင်းသည့် ကြိုတင်ငွေ (၁၂) သိန်းကျပ်အား ထုတ်ပေးရန်တောင်းခံရာမှ မတင်ဇာလွင် က မူမမှန်ကြောင်းရိပ်မိပြီး ရဲတပ်သားဇော်မင်းထွန်းအား ကျိုက္ခမီရဲစခန်းသို့ ညွန်ပြပေးခဲ့ရာမှ ရဲစခန်းသို့ သွားရောက်ခဲ့ပြီး ရဲတပ်သားဇော်မင်းထွန်းမှ ဖြစ်စဉ်အား တာဝန်ရှိသူထံ အသိပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ည (၈) နာရီ (၄၅) မိနစ်အချိန်နတွင် ကျိုက္ခမီနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ဆန်းကိုကိုဦး ဦးစီးသည့်အဖွဲ့မှ ရေလုပ်သားပွဲစားဖြစ်သူ မတင်ဇာလွင် ၏နေအိမ်သို့သွားရောက်စစ်ဆေးခဲ့ရာ မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ ဘူတာကြီးဝန်းနေ အသက် (၅၁) နှစ်အရွယ် တင်သန်း၊ မော်လမြိုင်မြို့၊ ကြာအင်းကျေးရွာအုပ်စု၊ ဇော်ကုန်းကျေးရွာနေအသက် (၄၆) နှစ်အရွယ် တင်မင်းထွဋ် နှင့် မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက်၊ ဘူတာကြီးဝန်းနေ အသက် (၃၈) နှစ်အရွယ် ဖြိုးကိုကို တို့ (၃) ဦးအားတွေ့ရှိ စစ်ဆေးခဲ့သည်။

ထိုသို့​စစ်​ဆေးရာ ၎င်းတို့သုံးဦးနှင့်အတူ ၈၂ ယ/၇၅၈၂၆ နံပါတ်ပါ HONDA CLICK 125 ဆိုင်ကယ်တစ်စီးနှင့် ၃၅ ယ/၃၄၇၈၄ နံပါတ်ပါ HONDA WAVE 110 ဆိုင်ကယ်တစ်စီးနှင့် ဦးတင်သန်း အမည်ပါ တပ်မတော် စစ်သားစုဆောင်းရေးတပ်ဖွဲ့ရုံး (မော်လမြိုင်)၏ တပ်သားသစ်စုဆောင်းရေးတာဝန်(အကူ) စိစစ်ရေးကဒ်ပြား တစ်ခု(ယင်းကတ်ပြားအား အတုပြုလုပ်ထားခြင်းနှင့်မှန်ကန်ခြင်းရှိ မရှိစိစစ်​နေ)တို့အားတွေ့ရှိခဲ့ကာ ၎င်းတို့သုံးဦးကို ကျိုက္ခမီမြို့ရှိ နယ်မြေရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အမှတ် (၉) လူကုန်ကူး မှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မော်လမြိုင်) နှင့် ပူးပါင်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Most Read

Most Recent