လေးနှစ်​နီးပါး ပိတ်ထားခဲ့ရ​သော အတွင်းကွင်းက​လေးနှင့် မဲကနယ်ရွာမှ စာသင်ကျောင်းသုံး​ကျောင်း ဖွင့်လှစ်

လေးနှစ်​နီးပါး ပိတ်ထားခဲ့ရ​သော အတွင်းကွင်းက​လေးနှင့် မဲကနယ်ရွာမှ စာသင်ကျောင်းသုံး​ကျောင်း ဖွင့်လှစ်
Published 2 June 2026

လေးနှစ်​နီးပါး ပိတ်ထားခဲ့ရ​သော အတွင်းကွင်းက​လေးနှင့် မဲကနယ်ရွာမှ စာသင်ကျောင်းသုံး​ကျောင်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းနိုင်ငံ​ရေးမငြိမ်သက်မှု၊​ ဒေသတွင်း စစ်​ရေးပဋိပက္ခများ​ကြောင့် ​လေးနှစ်ကြာပိတ်ထားခဲ့ရ​သော မြဝတီမြို့နယ် အတွင်းကွင်းက​လေး၊ အပြင်ကွင်းက​လေးနှင့် အတွင်း မဲကနယ်ရွာမှ အစိုးရစာသင်​ကျောင်းသုံး​ကျောင်းကို ဇွန် ၂ ရက်​ နံနက်က ဖွင့်လှစ်နိုင်ခဲ့​ကြောင်း သိရသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ် အတွင်းကွင်းက​လေး​ကျေးရွာရှိ မူလတန်းလွန်​ကျောင်း၊ အပြင်ကွင်းက​လေး အလယ်တန်း(ခွဲ)ကျောင်းနှင့် အတွင်းမဲကနယ်ရွာရှိ မူလတန်း​ကျောင်းတို့ကို ၂၀၂၂ ခုနှစ်မှစ၍ ပိတ်ထားခဲ့ကြရာမှ ယခု ၂၀၂၆/၂၀၂၇ ပညာသင်နှစ်၏ အစဖြစ်​သော ဇွန် ၂ရက်​က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အတွင်းကွင်းက​လေး မူလွန်​ကျောင်းတွင် ​ကျောင်သူ​ကျောင်းသား ၁၃၀ ခန်း၊ အပြင်ကွင်းက​လေး အလယ်တန်းခွဲ​ကျောင်းတွင် ​ကျောင်းသူ​ကျောင်းသား ၁၅ဝခန့်၊ အတွင်းမဲကနယ် မူလတန်း​ကျောင်းတွင် ​ကျောင်းသူ​ကျောင်းသား ၁၀၀ ခန့် လက်ရှိ ကျောင်းအပ်နှံလက်ခံထားရှိပြီဖြစ်​ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ​ဒေသခံ​ကျေးရွာသားများ၊ ဖိတ်ကြားထား​သောဧည့်သည်များ၊ ကရင်ပြည်နယ် နယ်ခြား​စောင့်တပ်၊ အမှတ် ၄ စစ်​ဒေသမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ပညာ​ရေးဌာနမှ မြို့နယ်ပညာ​ရေးမှူးနှင့် ဆရာမများ တက်​ရောက်ကြကြောင်း သိရသည်။

အနာဂါတ်က​လေးငယ်များ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိလာ​စေ​ဖို့ ​ကျောင်းပညာ​ရေးကို အ​ကောင်အထည်​ဖော်​ဆောင်ရွက်​ပေးခြင်းဖြစ်​ကြောင်း၊​ လေးနှစ်နီးပါး ကွင်းဆက်ပြတ်သွားသည့် က​လေးငယ်များ လိုအပ်ချက်အတွက် ​စာသင်​ကျောင်းသုံး​ကျောင်းကို ယခုနှစ်တွင်ဖွင့်လှစ်နိုင်သည့်အတွက် ဝမ်းသာပီတိဖြစ်ရ​ကြောင်း BGF အမှတ်၄ စစ်​ဒေသမှူး ဗိုလ်မှူးချုပ်​စောမုတ်သုန်က ​ပြောသည်။

အဆိုပါ စာသင်​ကျောင်းများမှာ စစ်​ဘေးဒဏ်သင့်ပြီး အမိုးသွပ်များ၊ အကာနံရံများနှင့် စာ​ရေးစားပွဲခုံများ ပျက်စီးဆုံးရှုံးခဲ့သည်များကို ကရင်ပြည်နယ် နယ်ခြား​စောင့်တပ် အမှတ်(၄)စစ်​ဒေသမှူး ဗိုလ်မှူကြီး ​စောမုတလ်သုန်က အကုန်ကျခံပြုပြင်ကာ ​ကျောင်းဖွင့်လှစ်နိုင်​ရေး၊ ​ကျောင်းစာအုပ်၊ စာရေးကရိယာ၊ ကျောင်းဝတ်စုံရရှိ​ရေးအတွက် မြို့နယ်ပညာ​ရေးမှူးက ကူညီပံ့ပိုး ​ပေါင်းစပ် ​ပေးခဲ့​ကြောင်းသိရသည်။

၂၀၂၆ခုနှစ် ဇွန် ၁ ရက်သည် ၂၀၂၆/၂၀၂၇ ပညာသင်နှစ်၏ ကျောင်းဖွင့်ကာလအဖြစ် တနိုင်ငံလုံးအတိုင်းအတာဖြင့် သတ်မှတ်ထားပြီး အစိုးရ​ကျောင်းများ၊ကိုယ်ပိုင်​ကျောင်းများ ဖွင့်လှစ်ခဲ့ကြသည်။

မြဝတီခရိုင်အတွင်းမှာတော့ ‌အစိုးရစာသင်ကျောင်းပေါင်း (၁၁၅)ကျောင်း ရှိသည့်အနက် (၇၆)ကျောင်းကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်​ကြောင်း နောက်ထပ်တိုးချဲ့ဖွင့်လှစ်မည့် စာသင်ကျောင်းများလဲ ရှိနေကြောင်း မြို့နယ်ပညာရေးမှူး ဦးမိုးကျော် က ပြောသည်။

မြဝတီခရိုင်အတွင်း ပုဂ္ဂလိကကျောင်း (၇) ကျောင်းနှင့် ဘုန်းတော်ကြီးသင်စာသင်ကျောင်း (၅) ကျောင်းကိုလဲ ယခုကျောင်းဖွင့်ရာသီတွင် တပြိုင်နက်ဖွင့်လှစ်သွားမည်ဖြစ်သလို ​ဒေသတွင်း စစ်​ရေးပဋိပက္ခ​ကြောင့် နှစ်နှင့်ချီ ပိတ်ထားခဲ့ရ​သော စာသင်​ကျောင်းတစ်​ကျောင်းဖြစ်သည့် သဃ်န်းညီ​နောင်အထက်တန်း​ကျောင်းကိုလည်းမနက်ဖြန် ဖွင့် လှစ်သွားမည်ဖြစ်​ကြောင်းသိရသည်။

Most Read

Most Recent