ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ (၂၀၂၅ - ၂၀၂၆) ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း ပြည်တွင်းပြည်ပ ဘုရားဖူးခရီးသွား ၁ ဒသမ ၄ သန်းကျော်လာရောက်ခဲ့

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ (၂၀၂၅ - ၂၀၂၆) ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း ပြည်တွင်းပြည်ပ ဘုရားဖူးခရီးသွား ၁ ဒသမ ၄ သန်းကျော်လာရောက်ခဲ့
Published 4 May 2026

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ (၂၀၂၅ - ၂၀၂၆) ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း ပြည်တွင်းပြည်ပ ဘုရားဖူးခရီးသွား ၁ ဒသမ ၄ သန်းကျော်လာရောက်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် စတင်ကျင်းပပြုလုပ်ခဲ့သည့် (၂၀၂၅) ခုနှစ် အောက်တိုဘာလအတွင်းက ပြည်တွင်းဘုရားဖူး ၁၅၅၂၃၉ ဦးနှင့် ပြည်ပဘုရားဖူး၊ ခရီးသွား ၄၃၀ ဦးလာရောက်ခဲ့ပြီး၊ နိုဝင်ဘာလအတွင်းက ပြည်တွင်းဘုရားဖူး ၂၀၀၃၃၅ ဦး၊ ပြည်ပဘုရားဖူး ခရီးသွား ၅၈၂ ဦးနှင့် ဒီဇင်ဘာလအတွင်းက ပြည်တွင်းဘုရားဖူး ၃၃၉၈၃၃ ဦး ပြည်ပဘုရားဖူး ခရီးသွား ၈၀၆ ဦးလာရောက်ခဲ့ကြောင်း သိရသည်။

ထို့အတူ (၂၀၂၆) ခုနှစ် ဇန်နဝါရီလအတွင်း ပြည်တွင်းဘုရားဖူး ၂၀၉၄၆၀ ဦး၊ ပြည်ပဘုရားဖူး၊ ခရီးသွား ၄၇၄ ဦးလာရောက်ခဲ့ပြီး၊ ဖေဖေါ်ဝါရီလအတွင်းက ပြည်တွင်းဘုရားဖူး ၁၆၈၅၆၆ ဦး၊ ပြည်ပဘုရားဖူး၊ ခရီးသွား ၇၃၂ ဦး၊ မတ်လအတွင်းက ပြည်တွင်းဘုရားဖူး ၂၁၂၁၆၉ ဦး၊ ပြည်ပဘုရားဖူး ခရီးသွား ၈၀၄ ဦး နှင့် ဧပြီလအတွင်း ကဆုန်လပြည့်နေ့ အထိကို ပြည်တွင်းဘုရားဖူး ၁၄၅၁၃၄ ဦး ပြည်ပဘုရားဖူး ခရီးသွား ၃၉၅ ဦးလာရောက်ခဲ့ကြောင်းနှင့် ပြည်တွင်းဘုရားဖူး ၁၄၃၀၇၃၆ ဦး နှင့် ပြည်ပဘုရားဖူး၊ ခရီးသွား ( ၄၂၂၃) ဦး စုစုပေါင်း ပြည်တွင်း၊ ပြည်ပဘုရားဖူးခရီးသွား စုစုပေါင်း ၁၄၃၄၉၅၉ ဦးလာရောက်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလပြီးဆုံးသွားပြီးဖြစ်တော်လည်း ကျိုက်ထီးရိုးသို့ ဘုရားဖူးများနေ့စဉ်လာရောက်ကြလေ့ရှိကြောင်း ကျိုက်ထီးရိုးရင်ပြင်တော်စခန်း ဒု-ရုံးအဖွဲ့မှူး ဦးဆန်းလင်း‌အောင် က ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ပြီးခဲ့တဲ့နှစ် သီတင်းကျွတ်လပြည့်နေ့မှာ တောင်ဖွင့်ပွဲ နဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို စတင်ကျင်းပပြုလုပ်ခဲ့ပြီးတော့ အခု ကဆုန်လပြည့်နေ့မှာတော့ တောင်အပ်ပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ ဗုဒ္ဓပူဇနိယပွဲတော်ကာလပြီးသွားပေမယ့် ရင်ပြင်တော်စခန်းမှာထမင်းဆိုင် (၁၈) ဆိုင်ရှိတဲ့အထဲက မိုးရာသီမှာ ထမင်းဆိုင် (၃) ဆိုင်က ဆက်လက်ဖွင့်လှစ်ထားဖို့ရှိပါတယ်။ နိဗ္ဗာန်ကုန်ဆိုင်လေးတွေကလည်းလေးငါးဆိုင်ကျန်ရှိပါမယ်။ နောက်ပြီး စတိုးဆိုင်တွေ၊ ကွမ်းယာဆိုင်တွေလည်းဖွင့်လှစ်ကြပါဦးမယ်။ မိုးရာသီကာလရောက်ပေမယ့်လည်း ဘုရားဖူးတွေက ပုံမှန်နီးပါးလာရောက်ကြလေ့ရှိပါတယ်။ ဦးရေနည်းသွားတာလေးတစ်ခုပါဘဲ။ မိုးရာသီကာလမှာ ကျိုက်ထီးရိုးကိုလာကြမယ့် ဘုရားဖူးတွေ နေထိုင်တည်းခိုနိုင်ဖို့၊ စားရေးသောက်ရေးကိစ္စ၊ ကျန်းမာရေးကိစ္စတွေအတွက်ကို စီစဉ်ဆောက်ရွက်ပေးထားမှာဖြစ်ပါတယ် ဟု ပြောကြားသည်။

ထို့အပြင် မိုးရာသီကာလ၌လည်း ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်များလည်း ဆက်လက်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ယခုနှစ် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတည်ရှိရာ ကျိုက်ထီးရိုးဒေသသို့ ဘုရားဖူးများ၊ ခရီးသွားများ အများအပြားပြန်လည်ဝင်ရောက်လာကြသည့်အတွက်ကြောင့် ယင်းဒေသအတွင်းရှိ တည်းခိုဆောင်လုပ်ငန်း၊ စားသောက်ဆိုင်နှင့် အခြားဆက်စပ်လုပ်ငန်းများ ပြန်လည်ကောင်းမွန်လာကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

(၂၀၂၁) ခုနှစ် ကိုဗစ်ကာလနောက်ပိုင်းကာလမှာ  ဒီနှစ် ဘုရားပွဲတော်ကာလမှာ အထူးသဖြင့်တော့ ကျောင်းပိတ်ရက်တွေ၊ အများပြည်သူအလုပ်ပိတ်ရက်တွေမှာဆိုရင် ဘုရားဖူးတွေ တော်တော်ကြီး ပြန်ဝင်လာကြတယ်။ အဲ့ဒီအတွက်ကြောင့်လည်း ဒေသခံတွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်လည်ကောင်းမွန်လာကြတာမျိုးရှိပါတယ် ဟု ကျိုက်ထီးရိုးဒေသခံတစ်ဦးက ပြောကြားသည်။

(၂၀၂၃ - ၂၀၂၄) ခုနှစ် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း ပြည်တွင်း၊ ပြည်ပ ဘုရာဖူး၊ ခရီးသွား (၇၂၀၀၀၀) ကျော်သာ လာရောက်ခဲ့ကြသော်လည်း၊ ပြီးခဲ့သည့် (၂၀၂၄ - ၂၀၂၅) ခုနှစ် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း ပြည်တွင်း၊ ပြည်ပ ဘုရားဖူး ခရီးသွား (၁၁.၆) သိန်းကျော်လာရောက်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

နှစ်စဉ် သီတင်းကျွတ်လပြည်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပပြုလုပ်လေ့ရှိသည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်သို့ ပုံမှန်ကာလများက နှစ်စဉ် ဘုရားဖူး (၃) သန်းခန့်လာရောက်လေ့ရှိကြောင်းလည်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

ဘိုဘိုမြင့်

Photo Credit - ကျိုက်ထီးရိုးဂေါပကရုံး

Most Read

Most Recent