အီရန်၏ ကျောထောက်နောက်ခံကို ရရှိထားသည့် ဟူရ်သီအဖွဲ့နှင့် ပဋိပက္ခမြင့်တက်လာမည့်အခြေအနေကို ရင်ဆိုင်ရန် အသင့်ရှိကြောင်း ယီမင်နိုင်ငံ၏ နိုင်ငံတကာအသိအမှတ်ပြုအစိုးရက ဇူလိုင် ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ဆော်ဒီအာရေဗျနှင့် ယီမင်ရှိ ဟူရ်သီသောင်းကျန်းသူများအကြား တိုက်ပွဲများ ပြန်လည်စတင်လာခြင်းသည် အာရေဗျ ကျွန်းဆွယ်၏ တည်ငြိမ်မှုကို ပိုမိုပျက်ပြားစေပြီး ဒေသတွင်း မရေရာသော အခြေအနေများကို ပိုမိုဆိုးရွားသွားစေနိုင်သည့် စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။
ဆော်ဒီအာရေဗျနိုင်ငံ၏ ရီးယာဒ်မြို့တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း ယီမင်နိုင်ငံခြားရေးဝန်ကြီး အဖ်ရာ အယ်လ် ဇူးဘားက မိမိတို့အနေဖြင့် မည်သည့်ပုံစံမျိုးနှင့်မဆို ပဋိပက္ခ မြင့်တက်လာမည့်အခြေအနေအတွက် အသင့်ပြင်ဆင်ထားကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
ဆော်ဒီအာရေဗျ၏ ဒရုန်းများ ကျူးကျော်ဝင်ရောက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဆော်ဒီ၏ ရေနံအခြေခံအဆောက်အအုံများကို ပစ်မှတ်ထားပြီး ဒရုန်းများဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ဟူရ်သီအဖွဲ့က ထုတ်ပြန်ခဲ့ပြီး နာရီပိုင်းအကြာတွင် ယီမင်နိုင်ငံခြားရေးဝန်ကြီးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အီရန်၏ ထောက်ခံမှုကို ရရှိထားသော ဟူရ်သီအဖွဲ့သည် ယီမင်ကမ်းလွန်ရှိ ပင်လယ်နီအတွင်းသို့ ဝင်ရောက်ရန် အရေးပါသော ရေလက်ကြားတစ်ခုဖြစ်သည့် ဘက် အယ်လ် မန်ဒက်ဘ်ရေလက်ကြားကို ထိန်းချုပ်နိုင်ရန်အတွက် ဟော်မုဇ် ရေလက်ကြားရှိ အီရန်၏ စစ်ရေးလှုပ်ရှားမှုများကို အတုယူကျင့်သုံးလာမည်ကို ယီမင်အစိုးရက စိုးရိမ်ပူပန်လျက်ရှိကြောင်း အယ်လ် ဇူးဘား က ပြောကြားခဲ့သည်။
ဟော်မုဇ် ရေလက်ကြားအတွင်း တိုက်ပွဲများကြောင့် ရေကြောင်းသွားလာမှု ပိတ်ဆို့လုနီးပါး ဖြစ်ခဲ့ပြီးနောက် အဆိုပါ ကျဉ်းမြောင်းသော ဘက် အယ်လ် မန်ဒက်ဘ် ရေလမ်းကြောင်းသည် ဆော်ဒီ၏ ရေနံစိမ်းများကို နိုင်ငံတကာ စျေးကွက်သို့ တင်ပို့ရာတွင် အရေးပါသော အသက်သွေးကြောတစ်ခု ဖြစ်လာခဲ့သည်။
လွန်ခဲ့သည့် သီတင်းပတ်က ဟူရ်သီအဖွဲ့သည် ဆော်ဒီအာရေဗျနိုင်ငံကို ရေကြောင်းပိတ်ဆို့မှု ပြုလုပ်ကြောင်း ကြေညာခဲ့ပြီး ဆော်ဒီ၏ ရေနံတင်သင်္ဘောများနှင့် ဆော်ဒီနိုင်ငံအတွင်းရှိ ရေနံ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အခိုင်အမာပြောကြားခဲ့သည်။
Ref: AFP















