ဘရာဇီးလ်လက်ရွေးစင်ဂိုးသမား အယ်လစ်ဆန်က ချန်ပီယံဆုအတွက် ရေပန်းစားနေတဲ့ အသင်းတွေမှာလည်း အားသာချက်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
ကျင်းပနေပြီဖြစ်တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်က ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး(၃)သင်းစာရင်းမှာ မပါဝင်ဘဲ စပိန်၊ ပြင်သစ်၊ အင်္ဂလန်၊ ပေါ်တူဂီတို့ရဲ့နောက် နံပါတ်(၅)နေရာမှာသာ ရပ်တည်နေပါတယ်။
ဒါကြောင့် အယ်လစ်ဆန်က ရေပန်းစားတိုင်း အားသာချက်မရှိကြောင်းနဲ့ မိမိတို့အသင်းမှာလည်း အခွင့်အရေးရှိတယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့တာပါ။
''ဘယ်အသင်းမှာမှ ချန်ပီယံဆုအတွက် အာမခံချက်မရှိပါဘူး။ တကယ်အရေးကြီးတာက ပထမဆုံးပွဲပါ။ အဲဒီပွဲအတွက် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ'' လို့ အယ်လစ်ဆန်က ပြောကြားခဲ့ပါတယ်။
ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကို၊ ဟေတီ၊ စကော့တလန်တို့နဲ့အတူ အုပ်စု(C)မှာ ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲကို စနေနေ့မှာ မော်ရိုကိုအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။
ကမ္ဘာ့ဖလားပြိုင်ပွဲကို တတိယအကြိမ် ယှဉ်ပြိုင်ကစားရမယ့် အယ်လစ်ဆန်က နည်းပြ အန်ဆယ်လော့တီလက်ထက်မှာ ဘရာဇီးလ်အသင်း ပိုကောင်းလာကြောင်းနဲ့ သူ့အနေနဲ့လည်း ရာခိုင်နှုန်းကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။















