၂၀၂၆ ခုနှစ် PFA အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်ခြောက်ဦးစာရင်းကို ဒီနေ့ ထုတ်ပြန်ခဲ့ရာ ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်အသင်းက ကစားသမားသုံးဦးပါဝင်ကာ အများဆုံးဖြစ်ခဲ့ပါတယ်။
PFA အကောင်းဆုံးကစားသမားဆုကို ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်း(PFA)က ကြီးမှူးချီးမြှင့်ခြင်းဖြစ်ပြီး ကစားသမားအချင်းချင်းရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်ခြင်းလည်းဖြစ်ပါတယ်။
PFA က အခုနောက်ပိုင်းမှာ အကောင်းဆုံးကစားသမားဆုသာမက အကောင်းဆုံးလူငယ်ကစားသမားဆု၊ အကောင်းဆုံးအမျိုးသမီးကစားသမားဆု၊ အကောင်းဆုံးအမျိုးသမီးလူငယ်ကစားသမားဆုတွေကိုလည်း ရွေးချယ်ချီးမြှင့်ပေးနေပါတယ်။
PFA အကောင်းဆုံးကစားသမားဆုကို ၁၉၇၃-၇၄ ရာသီမှာ စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းချီးမြှင့်ခဲ့ပြီးတဲ့ ၅၂ ကြိမ်မှာ ဆုရရှိသူ ၄၄ ဦးရှိကြောင်း သိရပါတယ်။
အများဆုံးရရှိထားသူနဲ့ နောက်ဆုံးရရှိခဲ့သူမှာ လီဗာပူးလ်တိုက်စစ်ကစားသမား မိုဆာလာဖြစ်ပြီး ၂၀၁၇-၁၈၊ ၂၀၂၁-၂၂ နှင့် ၂၀၂၄-၂၅ ရာသီတွေမှာ ရရှိခဲ့တာပါ။
၂၀၂၅-၂၆ ရာသီအတွက် ဆန်ခါတင် ခြောက်ဦးစာရင်းထဲ ပါဝင်ခဲ့သူတွေကတော့ အာဆင်နယ်က ရာယာ၊ ဂါဘရီယဲလ်၊ ဒက်ကလန်ရိုက်စ်၊ မန်စီးတီးက ဟာလန်း၊ ချာကီ၊ မန်ယူက ဘရူနိုဖာနန်ဒက်စ်တို့ဖြစ်ပါတယ်။
အခု ဆန်ခါတင်စာရင်းမှာ ပါဝင်သူတွေထဲ ဟာလန်းတစ်ဦးသာ PFA အကောင်းဆုံးကစားသမားဆု ရရှိဖူးကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်အသင်းနဲ့ ပြည်တွင်းဖလားနှစ်လုံးချန်ပီယံ မန်စီးတီးအသင်းတို့က ကစားသမားတွေ ဆန်ခါတင်စာရင်းမှာ အဓိကနေရာယူထားပေမဲ့ မန်ယူကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က ဆုရရှိဖို့ ပိုမိုရေပန်းစားနေကြောင်း သိရပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူအသင်းနဲ့ ဖလားလက်မဲ့ရာသီ ဖြတ်သန်းခဲ့ရပေမဲ့ ပရီးမီးယားလိဂ်မှာ စံချိန်တင်ဂိုးဖန်တီးမှုပြုလုပ်ပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့အတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုနဲ့ ဘောလုံးဆောင်းပါးရှင်များအဖွဲ့ က ချီးမြှင့်တဲ့ FWA အကောင်းဆုံးကစားသမားဆုတွေ ရရှိခဲ့ပါတယ်။
PFA အကောင်းဆုံးလူငယ်ကစားသမားဆုအတွက် ဆန်ခါတင်ခြောက်ဦးစာရင်းကိုလည်း ထုတ်ပြန်ခဲ့ရာ ချာကီ၊ အိုရိုင်လေ(မန်စီးတီး)၊ ဒေါင်းမန်း(အာဆင်နယ်)၊ ကရူပီ(ဘုန်းမောက်)၊ မိန်နူး(မန်ယူ)၊ အန်ဂူမိုဟာ(လီဗာပူးလ်)တို့ ပါဝင်ခဲ့ပါတယ်။
ချာကီက အကောင်းဆုံးကစားသမားဆုအတွက်ရော အကောင်းဆုံးလူငယ်ကစားသမားဆုအတွက်ရော ဆန်ခါတင်စာရင်းနှစ်မျိုးစလုံးမှာ ပါဝင်နေတဲ့အတွက် အကောင်းဆုံးလူငယ်ဆု ရရှိနိုင်ကြောင်း ထင်ကြေးပေးခံထားရပါတယ်။
PFA ရဲ့ အကောင်းဆုံးဆုပေးပွဲအခမ်းအနားကို သြဂုတ် ၂၅ မှာ ကျင်းပမှာဖြစ်ပြီး အဲဒီနေ့မှာမှ ဆုရရှိသူကို ကြေညာမှာပါ။















