ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်ကစားသမား အိုလီဆေးဟာ ရီးယဲလ်အသင်းနဲ့ သတင်းထွက်နေပေမဲ့ လက်ရှိအသင်းနဲ့ပဲ သက်တမ်းတိုးဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ အိုလီဆေးဟာ ၂၀၂၄ နွေရာသီမှာ ခရစ္စတယ်ပဲလေ့စ်ကနေ ဘိုင်ယန်မြူးနစ်ကို ယူရိုသန်း(၆၀)နဲ့ ရောက်ရှိခဲ့တာပါ။
ပြီးခဲ့တဲ့ နှစ်ရာသီစလုံး ဘိုင်ယန်မြူးနစ်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းများစွာရှိလာခဲ့ပြီး ရီးယဲလ်အသင်းကတော့ နေမာရဲ့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို(၂၂၂)သန်းကို ချိုးဖျက်ပြီးခေါ်ယူဖို့အထိ အသင့်ရှိနေကြောင်း သတင်းထွက်ခဲ့ပါတယ်။
ဥက္ကဋ္ဌရွေးကောက်ပွဲမတိုင်ခင်က ထိပ်တန်းအဆင့် ကြယ်ပွင့်ကစားသမားသစ် ခေါ်ယူပေးမယ်လို့ ကတိပြုခဲ့တဲ့ ရီးယဲလ်ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်ကလည်း အိုလီဆေးဟာ ရီးယဲလ်မှာကစားဖို့ မွေးဖွားလာသူဖြစ်တယ်လို့ ပြောကြားထားကြောင်း သိရပါတယ်။
ဒါပေမဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ အိုလီဆေးက လစာနှုန်းထားအသစ်နဲ့ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုပြီး ဘိုင်ယန်မြူးနစ်မှာ ဆက်နေသွားဖို့ ဆုံးဖြတ်ထားကြောင်း မီဒီယာတွေက ဖော်ပြလာကြတာပါ။
အိုလီဆေးက ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ လိုလားနေတာဟာ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ဖို့မဟုတ်ဘဲ ဘိုင်ယန်မြူးနစ်အသင်းနဲ့ သက်တမ်းတိုးဖို့သာဖြစ်ကြောင်းလည်း ဖော်ပြခဲ့ကြပါတယ်။















