မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သံဖြူဇရပ်မြို့နယ် စက်စဲကျေးရွာအတွင်း နေအိမ်တချို့ အမိုးလန်ပျက်စီးခဲ့ပြီး အပင်များ လဲကျမှုဖြစ်ပွား

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သံဖြူဇရပ်မြို့နယ် စက်စဲကျေးရွာအတွင်း နေအိမ်တချို့ အမိုးလန်ပျက်စီးခဲ့ပြီး အပင်များ လဲကျမှုဖြစ်ပွား
Published 16 July 2026

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စက်စဲကျေးရွာအတွင်း နေအိမ်တချို့အမိုးလန်ပျက်စီးခဲ့ပြီး အပင်များ လဲကျမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ယနေ့နံနက် (၆) နာရီအချိန်ခန့်က အဆိုပါ စက်စဲကျေးရွာအတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၅) လုံးခန့် အမိုးလန်ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်းနှင့် အပင်များလဲကျခြင်းများလည်း ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

၎င်းကဆက်လက်ပြီး "မနက်အစောပိုင်းကတည်းက လေရောမိုးရောကျတာ။ အပင်တွေလဲတာ အကိုင်းတွေလွှင့်တာတွေလည်း ဖြစ်ခဲ့တယ်။ အိမ်အမိုးတွေလည်း လွှင့်ကုန်တာတွေလည်း ဖြစ်ခဲ့ပါတယ်" ဟု ပြောကြားသည်။

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူထိခိုက်မှုမရှိခဲ့ကြောင်း နှင့်  ထိခိုက်ပျက်စီးမှုများအား သံဖြူဇရပ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံများစုပေါင်းကာ ရှင်းလင်းမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ (၁၃) ရက်နေ့ မွန်းလွဲပိုင်း (၂) နာရီခွဲ အချိန်ကလည်း လေပြင်းတိုက်ခတ်မှုကြောင့် မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်အတွင်း အပင်များ လဲကျသဖြင့် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့သေးကြောင်းနှင့် လဲကျနေသည့်အပင်များအား ညောင်ပင်ဆိပ်နယ်မြေမီးသတ်စခန်နးမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများ ပူးပေါင်းကာရှင်းလင်းဖယ်ရှားမှုများလုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ (၁၀) ရက်နေ့ ညပိုင်းအချိန်ကလည်း မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် လေဆင်နှာမောင်းတိုက်ခတ်ခဲ့မှုကြောင့် အောင်ဇေယျရပ်ကွက်နှင့် အောင်ကုသိုလ်ရပ်ကွက်များအတွင်း ပြိုကျပျက်ဆီးခဲ့သည့်နေအိမ် (၅) လုံး၊ တစ်စိတ်တစ်ပိုင်း ထိခိုက်ပျက်စီးခဲ့သည့်နေအိမ် (၈၇) လုံး၊ ဘုန်းတော်ကြီးကျောင်း (၂) ကျောင်း၊ သီလရှင်စာသင်တိုက် (၁) ကျောင်း ထိခိုက်ပျက်ဆီးခဲ့ရပြီး လေဘေးသင့်ပြည်သူ (၄၂၆)) ဦးရှိခဲ့ကြောင်း သိရသည်။

၎င်းအပြင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် သာသနိကအဆောက်အဦးများထိခိုက်ပျက်စီးခဲ့ရသည့်အပြင် အပင်များ၊ ဓါတ်တိုင်များ၊ ဆက်သွယ်ရေးတိုင်များ ကျိုးကျခြင်း၊ လဲကျခြင်းများလည်းဖြစ်ပေါ်ခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဘိုဘိုမြင့်

Most Read

Most Recent