ရေးမြို့နယ်အတွင်း နိုင်ငံတော်ဓါတ်အားပေးစနစ်ဖြင့် ဓါတ်အားပေးနိုင်ရေးအတွက် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိ (၁၅ ) မိုင်ခန့်သာ ဓါတ်အားလိုင်းကြိုးဆွဲရန် ကျန်ရှိနေဟုဆို

ရေးမြို့နယ်အတွင်း နိုင်ငံတော်ဓါတ်အားပေးစနစ်ဖြင့် ဓါတ်အားပေးနိုင်ရေးအတွက် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိ (၁၅ ) မိုင်ခန့်သာ ဓါတ်အားလိုင်းကြိုးဆွဲရန် ကျန်ရှိနေဟုဆို
Published 27 June 2026

မွန်ပြညနယ်တောင်ပိုင်းရှိ ရေးမြို့နယ်အတွင်း နိုင်ငံတော်ဓါတ်အားပေးစနစ်ဖြင့် ဓါတ်အားပေးနိုင်ရေးအတွက် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိ (၁၅ ) မိုင်ခန့်သာ ဓါတ်အားလိုင်းကြိုးဆွဲရန် ကျန်ရှိနေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး၏ ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၁၂) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့) က ကျိုက်ထိုမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်ထူး မှမေးမြန်းသည့် “မွန်ပြည်နယ် ရေးမြို့နယ်မှာဖြစ်ပေါ်နေသည့် လျှပ်စစ်ဓါတ်အားခ ကောက်ခံမှုနှုန်းမညီမျှမှုနှင့် ရေးမြို့နယ်ရှိ ပြည်သူလူထုအတွက် ယခုထက်ဈေးနှုန်း ပိုမိုသက်သာစွာ လျှပ်စစ်မီးသုံးစွဲနိုင်စေရေးအတွက် ပြည်နယ်အစိုးရအနေဖြင့် မည်သို့ကူညီဆောင်ရွက်ပေးနိုင်မည်ကို သိလိုကြောင်း” မေးခွန်းအား ဝန်ကြီး ဦးဇေယျာဦးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ရေးမြို့နယ်အတွင်း နိုင်ငံတော်ဓါတ်အားပေးစနစ်ဖြင့် ဓါတ်အားပေးနိုင်ရေးအတွက် သံဖြူဇရပ်ရှိ ဓါတ်အားခွဲရုံမှ ၆၆ ကေဗွီ ဓါတ်အားလိုင် (၅၂.၆) မိုင်၊ ၆၆/၁၁ ကေဗွီ (၂၀ x ၂) အမ်ဗွီအေ ရေးမြို့ဓါတ်အားခွံရုံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိမှာ ၆၆/၁၁ ကေဗွီ ရေး ဓါတ်အားခွဲရုံတည်ဆောက်မှုလုပ်ငန်းများ (၁၀၀) ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီးဖြစ်ပါတယ်။ ၆၆ ကေဗွီ ဓါတ်အားလိုင်းဆောင်ရွက်ရန် ၅၂.၆ မိုင်လလျာထားမှုအပေါ် (၃၆.၀၉) မိုင်အား (၁၀၀) ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ပါသဖြင့် ကျန် (၁၄.၉၄) မိုင်မှာ နယ်မြေအခြေအနေအရ ဓါတ်အားလိုင်းကြိုးဆွဲရန်သာ ကျန်ရှိနေပါတော့တယ်” ဟု ဝန်ကြီးဦးဇေယျာဦး ကပြောကြားခဲ့သည်။

ရေးမြို့နယ်အနေဖြင့် ၆၆ ကေဗွီ ဓါတ်အားလိုင်းသွယ်တန်ခြင်းလုပ်ငန်း ၁၀၀ ရာခိုင်နှုန်းပြီးစီးပါက နိုင်ငံတော်ဓါတ်အားပးစနစ်မှ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် ၎င်းအချိန်တွင် ရေးမြို့နယ်ရှိပြည်သူလူထုအတွက် အခြားမြို့နယ်များနည်းတူ ယခုဈေးနှုန်းထက် ပိုမိုသက်သာစွာ လျှပ်စစ်ဓါတ်အား သုံးစွဲနိုင်မည်ဖြစ်ပါကြောင်း ဝန်ကြီးဦးဇေယျာဦးက ဆက်လက်ပြောကြားခဲ့သည်။

ရေးခရိုင်၊ ရေးမြို့နယ်၌ လက်ရှိကာလတွင် နိုင်ငံတော်ဓါတ်အားပေးစနစ် မရောက်သေးသဖြင့် ပုဂ္ဂလိကမီးလင်းရေး ကုမ္ပဏီများမှ ကိုယ်ပိုင်ဓါတ်အားပေးစက်များဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း (ရုံးချုပ်) တို့၏ ခွင့်ပြုချက်ဖြင့် ဓါတ်အားဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ထိုသို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးရာတွင် မီးလင်းရေးကုမ္ပဏီများအနေဖြင့် လျှပ်စစ်ဓါတ်အားပေးစက်များအတွက် စက်သုံးဆီဝယ်ယူရရှိသည့် တစ်ဂါလံဈေးနှုန်းအပေါ်မူတည်၍ လစဉ်ဓါတ်အားပေးစက်များထိန်းသိမ်းပြုပြင်မှု ကုန်ကျစရိတ်များ ထည့်သွင်းတွက်ချက်၍ ဓါတ်အားခတစ်ယူနစ်နှုန်းထားကို သတ်မှတ်ကာ သက်ဆိုင်ရာဌာနများ၏ စိစစ်တွက်ချက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့ထံသို့ တင်ပြခွင့်ပြုချက်ရယူဆာင်ရွက်၍ ကောက်ခံလျက်ရှိရာ ရေးခရိုင်၊ ရေးမြို့နယ်ရှိ မြတ်သူရကုမ္ပဏီသည် (၂၀၂၆) ခုနှစ်၊ ဧပြီလမှ စပြီး မွန်ပြည်နယ်အစိုးရအဖွဲ့၏ခွင့်ပြုချက်အရ တစ်ယူနစ်လျှင် (၃၆၀၀) ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်း၊ အလားတူ ရေးခရိုင်၊ ရေးမြို့နယ်ရှိ SMD ကုမ္ပဏီမှ တစ်ယူနစ်လျှင် (၃၈၀၀) ကျပ်နှုန်းကောက်ခံရန် မွန်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြလာခြင်းအပေါ် မွန်ပြည်နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ ပြန်လည် စိစစ်တင်ပြချက်အရ မြတ်သူရကုမ္ပဏီကဲ့သို့ တစ်ယူနစ်လျှင် (၃၆၀၀) ကျပ်နှုန်းဖြင့်သာကောက်ခံရန် တစ်ပြေးညီခွင့်ပြုထားပါကြောင်း ဝန်ကြီးဦးဇေယျာဦး ၏ပြောကြားချက်များအရ သိရသည်။

မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ် သည် မွန်ပြည်နယ်အတွင်း မဟာဓါတ်အားလိုင်းစနစ်မရောက်ရှိသေးသည့် တစ်ခုတည်းသော မြို့နယ်တစ်ခုဖြစ်သည်။

 

Most Read

Most Recent