နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ရာတွင် ပွဲစားများနှင့် ပါဝင်ပတ်သက် ခဲ့သည့် ဝန်ထမ်းများအား အရေးယူဆောင်ရွက်လျက်ရှိပြီး ယင်းဝန်ထမ်းများကို တိုင်ကြားနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သည်။
၂၀၂၆ ခုနှစ် မေ ၄ ရက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန အနေဖြင့် ပြည်သူသို့ အသိပေးကြေညာချက် ထုတ်ပြန် ခဲ့ကြောင်း၊ ထိုသို့ ထုတ်ပြန်ရာတွင် တရားမဝင် အခကြေးငွေရယူ၍ ပွဲစား အဖြစ် ဆောင်ရွက်နေသော အကောင့်များပါဝင်သကဲ့သို့ နိုင်ငံတော်နှင့်ပြည်သူ လူထုအား အထင်အမြင်မှားစေသည့် ပြောဆိုချက်များပါဝင်သည့် Shwe Yamin (@shwe.yamin297) အကောင့်ကိုပါ ထည့်သွင်းထုတ်ပြန်ခဲ့ကြောင်း ပါရှိသည်။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့် မူဝါဒ များအား တိကျစွာထုတ်ပြန်ထားသကဲ့သို့ မည်သို့ ပြုလုပ်ရမည်ကို ပြည်သူ လူထုအနေဖြင့် ရှင်းလင်းစွာသိရှိစေရန် ရည်ရွယ်၍ သက်ဆိုင်ရာရုံးများတွင်လည်း Vinyl များ ချိတ်ဆွဲခြင်း၊ Pamphlet များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက် ပေးထား ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
သို့ရာတွင် အချို့ရုံးများ၌ ပြည်သူလူထုအနေဖြင့် ကိုယ်တိုင်ဆောင်ရွက် ခြင်းမရှိဘဲ ပွဲစားများနှင့် ချိတ်ဆက်၍ ဆောင်ရွက်ခဲ့သောကြောင့် မလိုလား အပ်သည့် အုပ်ချုပ်မှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ရကြောင်း၊ အဆိုပါကိစ္စများနှင့် ပတ်သက်၍လည်း မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ပွဲစားများ နှင့် ပါဝင်ပတ်သက် ခဲ့သည့် ဝန်ထမ်းများအားထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရသစ် တာဝန်ယူသည့်ကာလ၌ နိုင်ငံတော်အကြီးအကဲ ၏ လမ်းညွှန်ချက်နှင့်အညီ ရက် (၁၀၀) စီမံချက်ဖြင့် ဥပဒေအရ အကျုံးဝင်သည့် ပြည်သူလူထုများ အနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လွယ်ကူစွာရရှိစေရန် လမင်းစီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးနေသည့်ကာလ ဖြစ်ကြောင်း၊ သို့ရာတွင် Shwe Yamin (@shwe.yamin297)အနေဖြင့် ယင်း၏မူလ တာဝန်ဖြစ်သော Kyaw ကား/ ဆိုင်ကယ် မျိုးစုံရောင်းဝယ်ရေးလုပ်ငန်း ကြော်ငြာမှုအား ကျော်လွန်၍ ဝန်ကြီးဌာန၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်း ထုတ်ပြန်ထားခြင်းများအား မျက်ကွယ်ပြုကာ မြန်မာလူမျိုးတို့အနေဖြင့် အိမ်ပိုင်ယာပိုင်မရှိသူများ၊ အိမ်ငှားဖြင့်နေထိုင်ကြသူများအနေဖြင့် အိမ်ထောင်စုဇယားမရတော့မယ့် အခြေအနေဖြစ်နေကြပြီ၊ ဘယ်လိုလုပ်ကြ မလဲဟု ပြောဆိုရေးသားခဲ့ခြင်း၊ အခုရုံးပိုင်းဆိုင်ရာဆိုရင် ပေးသင့်တာပေး၊ ဝင်သင့်တာဝင်၊ ထွက်သင့်တာထွက်ဟုပြောဆိုခဲ့ခြင်းများသည် ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရက် (၁၀၀) လမင်းစီမံချက်အား ထိခိုက်ကြောင်း၊ သို့ဖြစ်၍ ဝန်ကြီးဌာနအနေဖြင့် Shwe Yamin အကောင့်အား တရားဝင် ထည့်သွင်းထုတ်ပြန်ရခြင်းဖြစ်ကြောင်း ပါရှိသည်။
ဝန်ကြီးဌာန ဝန်ထမ်းများသည် ဥပဒေလုပ်ထုံးလုပ်နည်းများကို ကျော်လွန်၍ ဆောင်ရွက်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် နှင့် ဝန်ကြီးဌာနသို့ ဝန်ထမ်း၏ အမည်၊ ရုံးအမည် ဖြစ်ပွားသည့် အချိန်ကာလ၊ ဖြစ်စဉ်အကျဉ်းတို့ကို အထောက်အထားများဖြင့် တိုင်ကြားပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် သတင်းခိုင်လုံမှုမရှိဘဲ အွန်လိုင်းမှ ထုတ်ပြန်မှုများအတွက် တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သည်။















