လရောင်အောက်က ကုမုဒြာသီချင်းနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ဝေဖန်ရေးသားထားသည့်ပို့စ်တွင် ကွန်မန့်ထပ်ဆင့်ရေးခဲ့သော တောင်ကြီးမြို့မှ အမျိုးသမီးတစ်ဦးအား ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
နိုင်ငံတော်အစိုးရအား အကြည်ညိုပျက်စေသည့် Post များလွှင့်တင်နေသော "ကေသီ ဘေဘီတော်လောက်ပြီ” Facebook page တွင် အဆိုတော်မေသက်ထားဆွေ သီဆိုထားသည့် လရောင်အောက်က ကုမုဒြာသီချင်းနှင့်ပတ်သက်၍ “ဆိုရတာ ပါးစပ်ဝမှာ အရှက်ရှိ မရှိတော့မသိဘူး၊ ကြားရတာ နားဝမှာတော့ ရှက်စဖွယ် စကားလုံးတွေပဲ၊ ဒါကြောင့် ကျွန်တွေမှာ အာဏာပါဝါမရှိဘူး၊ သူတို့ကို ခိုင်းတဲ့အတိုင်း လုပ်ပေးရတာ...” အစရှိသဖြင့် ဝေဖန်ရေးသားဖော်ပြခဲ့ရာ ယင်း Post ၏အောက်တွင် Nang Akari အမည် Facebook Account ပိုင်ရှင် တောင်ကြီးမြို့နေသူ ဧကရီကျော်(ခ) နန်းဧကရီကျော်သည် “ ထဘီတရွတ်တိုက် ဝတ်လည်း ရွံ့တယ်နော်”ဟု Comment အား ဝင်ရောက်ရေးသားခဲ့ကြောင်းသိရှိရသည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရအား အကြည်ညို ပျက်စေသည့် Post၏ အောက်တွင် Comment ဝင်ရေးသူ Nang Akari အမည် Facebook Account ပိုင်ရှင် တောင်ကြီးမြို့နေသူ ဧကရီကျော်(ခ) နန်းဧကရီကျော် အား တောင်ကြီးမြို့နယ်မြေခံရဲစခန်းမှ နိုင်ငံတော်အ စိုးရအား အကြည်ညိုပျက်စေရန် လှုံ့ဆော်သဖြင့် (ပုဒ်မ ၅၀၅-က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည် ။















