ပဲခူးတိုင်းဒေသကြီးအတွင်း တောင်သူများ မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သွင်းအားစုစျေးနှုန်းများကြီးမြင့်နေခြင်းအတွက် တောင်သူများကိုယ်တိုင် သဘာဝမြေသြဇာများပြုလုပ်သုံးစွဲနိုင်ရေး အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးဦးကိုကိုဦးက ပြောကြားသည်။
ဇွန် ၈ ရက်က ကျင်းပသည့် တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ထန်းတပင်မြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ဦးမျိုးမျိုးသိန်း၏ “ထန်းတပင်မြို့နယ် အတွင်း စပါးစိုက်တောင်သူများအတွက် မျိုးကောင်းမျိုးသန့်၊ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေး နည်းပညာများ လုံလောက်စွာရရှိရေးနှင့် တောင်သူများ၏ စိုက်ပျိုးစရိတ်ကြီးမားမှု၊ သွင်းအားစုဈေးနှုန်းမြင့်တက်မှု၊ စပါးသီးနှံဈေးနှုန်းကျဆင်းမှုတို့အပေါ် တောင်သူများ၏ စိုက်ပျိုးရေးထုတ်ကုန်များ ဈေးကွက်ရရှိရေးနှင့် တောင်သူဝင်ငွေတိုးတက်စေရေး အတွက် သက်ဆိုင်ရာဝန်ကြီးအနေဖြင့် မည်သည့်စီမံကိန်းများ ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးခွန်းမေးမြန်းမှုအပေါ် တိုင်းဒေသကြီးဝန်ကြီး ဦးကိုကိုဦးက ထိုသို့ ထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း တောင်သူများ မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သွင်းအားစုစျေးနှုန်းများကြီးမြင့်နေခြင်းအတွက် တောင်သူများကိုယ်တိုင် သဘာဝမြေသြဇာများပြုလုပ်သုံးစွဲနိုင်ရေး အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ အသိပညာပေးလုပ်ငန်းများအပြင် ဌာနမှပူးပေါင်းပါဝင်ဆောင်ရွက်ပေးခြင်း၊ ပုဂ္ဂလိက သဘာဝမြေသြဇာ ထုတ်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် နည်းပညာနှင့်အရင်းအနှီးအတွက် ပဲခူးတိုင်းဒေသကြီး နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှချေးငွေများထုတ်ပေးခြင်းနှင့် သီးနှံစုံကို မထိခိုက်စေသည့် ဓာတ်မြေသြဇာ လျှော့ချသုံးစွဲနိုင်ရေး နည်းလမ်းများကိုလည်း နည်းလမ်းပေါင်းစုံဖြင့် လှုံ့ဆော်အသိပညာပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိကြောင်း တိုင်းဒေသကြီးဝန်ကြီးက ဖြေကြားခဲ့သည်။
ထို့ပြင် စပါးစိုက်ရာသ်ိီအတွင်း တောင်သူများ ကြုံတွေ့နေရသည့်အခက်အခဲနှင့်ပတ်သက်ပြီး အရှေ့အလယ်ပိုင်း ဒေသတွင် ကြုံရလျှက်ရှိသည့် အရေးအခင်းကြောင့် လောင်စာဆီစျေးနှုန်းမြင့်တက်ကာ ထွန်ယက်စိုက်ပျိုးမှုစရိတ်ကြီးမြင့်မှုအပေါ်၊ ထွန်စက်၊ ရေတင်စက်၊ ရိတ်သိမ်းခြွေလှေ့စက်များအတွက် လိုအပ်သော ဒီဇယ်ဆီများအဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်ရန် ကော်မတီအဆင့်ဆင့်က ညှိနှိုင်းဆောင်ရွက်ပေးပြီး ဖြစ်သည့်အပြင် ယခုအချိန်၌ ဒီဇယ်ဆီစျေးနှုန်းများသည်လည်း အထိုက်အလျောက်ပြန်လည်ကျဆင်းလာပြီး အလွယ်တကူဝယ်ယူရရှိနေပြီဖြစ်ကြောင်း၊ စပါးစျေးနှုန်းကျဆင်းမှု အခြေအနေနှင့်ပတ်သက်ပြီး ဒေသတွင်းအရောင်းအဝယ်ဖြစ်သော စပါးစျေးနှုန်းမှာ ထုတ်လုပ်မှုကုန်ကျစရိတ်အောက် နိမ့်ကျနေမှုကြောင့် အခြေခံစပါးရည်ညွှန်းစျေးနှုန်းကို စပါး တင်း(၁၀၀) လျှင် ယခင် ကျပ် ၉၅၀၀၀၀ မှ ယခု ကျပ် ၁၁၅၀၀၀၀ သို့ တိုးမြှင့်သတ်မှတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ တောင်သူများ၏ စိုက်ပျိုးရေးထုတ်ကုန်များ စျေးကွက်ရရှိရေးအတွက် ဆန်စပါး ပြည်ပတင်ပို့ရေး အထူးဇုန် စီမံကိန်း၊ ပြည်ပပို့ကုန် အရည်အသွေးမှီ ပေါ်ဆန်းစပါး စိုက်ပျိုးတင်ပို့ရေး စီမံကိန်းတို့အပြင် ပြည်ပပို့ကုန်သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်း အာနိသင် ကင်းစင်ရေး အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျှက်ကြောင်း တိုင်းဒေသကြီးဝန်ကြီး ဦးကိုကိုဦးက ပြောကြားသည်။















