စစ်ကိုင်းမြို့ ကမ်းနားလမ်း ၊ တာဝါတိုင်ဆိပ်အနီးတွင် ဇွန်လ ၁ ရက်နေ့ ညနေ ၆ နာရီခွဲဝန်းကျင်ခန့်က ရေဆင်းချိုးသူ လူငယ် ၁ ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည် ။
ဖြစ်စဥ်မှာ စစ်ကိုင်းမြို့ ပိုးတန်းရပ် ၊ဧရာဝတီမြစ် တာဝါတိုင်ဆိပ်အနီးတွင် ကျား ၃ ဦး ၊ မ ၁ ဦး စုစုပေါင်း ၄ ဦး ရေဆင်းချိုးရာမှ ၂၃ နှစ်အရွယ် မောင်ဟန်လင်းထွန်းမှာ ရေနစ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည် ။
အဆိုပါ ရေနစ်မှု ဖြစ်စဥ်နှင့်ပတ်သက်၍ ဖုန်းသတင်းအရ စစ်ကိုင်းခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ ၊ထုံးဘို အရန်မီးသတ်တပ်ဖွဲ့ ၊ လူမှုကူညီရေး အသင်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ရေပြင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ ရှာဖွေကယ်ဆယ်မှုများ ဆောင်ရွက်ခဲ့ရာ ည ၇ နာရီ ၃၉ အချိန်ခန့်တွင် တောင်ဘော်ဂါရပ်နေ ရေနစ်သူ မောင်ဟန်လင်းထွန်း (ဘ) ဦးသန်းထွန်း အား သေဆုံးလျှက် ရှာဖွေတွေ့ရှိခဲ့ပြီး ၄င်း၏ ရုပ်အလောင်းကို သုခကာရီလူမှုကူညီရေးအသင်းမှ ကုတင် ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည် ။
"တာဝါတိုင်ဆိပ်မှာက လာပြီး ရေဆင်းချိုးတဲ့သူ များသလို ရေနစ်သေဆုံးတဲ့ဖြစ်စဥ်တွေကလည်း နှစ်တိုင်းလိုလို ဖြစ်နေ ကြားနေရတယ် ။ အခုလို ရေကြီးကာလမဟုတ်တဲ့အချိန်တွေမှာ ရေနစ်မှုတွေ ပိုပြီးဖြစ်လေ့ရှိတာ တွေ့ရတယ် " ဟု ဧရာဝတီမြစ်ကမ်းဘေးရှိ တကောင်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည် ။
■ ပုံစာ - စစ်ကိုင်းမြို့ ကမ်းနားလမ်း ၊ တာဝါတိုင်ဆိပ်ကိုတွေ့ရစဥ် ။















