■ တရားမဝင်ရရှိထားသည့် ငွေကြေးများဖြင့် တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ကုန်သွယ်မှုပြုနေခြင်းကို လက်ခံမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတပြောကြား
တရားမဝင်ရရှိထားသည့် ငွေကြေးများဖြင့် တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ကုန်သွယ်မှုပြုနေခြင်းကို လက်ခံမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ဇူလိုင် ၇ ရက်ကပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း တရားဝင်ကုန်သွယ်မှုများဖြစ်ရန်နှင့် စနစ်တကျစစ်ဆေးကြပ်မတ်ကွပ်ကဲသွားရန်လိုပြီး တရားမဝင်ကုန်သွယ်မှုများလုပ်ဆောင်ခြင်းသည် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုတစ်ခုပင်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်တွင်လည်း ကုန်ပစ္စည်းများကို မှောင်ခိုသွင်းခြင်း၊ တင်ပို့ခြင်းများ လုပ်ဆောင်ခဲ့ကြခြင်းကြောင့်နိုင်ငံတော်အတွက် ထိုက်သင့်သည့်အခွန်အခများမရရှိခြင်း၊ အရည်အသွေးပြည့်မီမှုမရှိသည့် ကုန်ပစ္စည်းများကို ပြည်သူများသုံးစွဲနေကြရခြင်းတို့ကို ကြုံတွေ့ခဲ့ကြရသကဲ့သို့ ဝန်ထမ်းများအနေဖြင့်လည်းအဂတိမှုများကို ကျူးလွန်ခဲ့ကြသည်ကိုတွေ့မြင်ရကြောင်း၊ ကုန်ပစ္စည်းများကို တရားမဝင်ရရှိထားသည့် ငွေကြေးများဖြင့် တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ကုန်သွယ်မှုပြုနေခြင်းကို လက်ခံ၍ရမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ပြင် ဝိသမလောဘသမားများ၏ စီးပွားရေးအရ ဈေးကွက်ကစားနေမှုများကို တရားဝင်ကုန်သွယ်မှုဖြင့် တိုက်ဖျက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက်ပို့ကုန်တိုးမြှင့်ရန်လိုပြီး ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၌ ကုန်ထုတ်လုပ်မှုများ တိုးမြင့်လာအောင်အားပေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လုံခြုံရေးပိုင်းဆိုင်ရာအရလည်း နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပုံမှန်အတိုင်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများကလည်း လုပ်ငန်းဆောင်ရွက်မှုများ စနစ်တကျဖြစ်စေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားသည်။
အိမ်နီးချင်းနိုင်ငံများတွင် အခြေခံစားကုန်များဖြစ်သည့် အသား၊ ငါးနှင့် မီးဖိုချောင်သုံးသီးနှံများကို ဈေးကွက်လိုအပ်ချက်များ အများအပြားရှိနေကြောင်း၊ ယင်းကြောင့် မိမိတို့အနေဖြင့်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် အဆိုပါဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ကြောင်း၊ သို့သော်လည်း အချို့သောလမ်းကြောင်းများနှင့် ဒေသများ၌ လုံခြုံရေးဆိုင်ရာ ကန့်သတ်ချက်များကြောင့်အပြည့်အဝတင်ပို့နိုင်ခြင်းမရှိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစည်းအဝေးတွင် ပြောကြားသည်။
#elevennews #ကုန်သွယ်မှုလုပ်ငန်းများ #နိုင်ငံတော်သမ္မတပြောကြား















