မကွေးတိုင်း ချောက်မြို့နယ်ရှိ ကျေးရွာများမှ စာသင်ကျောင်းများကို စစ်စခန်းအဖြစ် အသုံးပြုနေထိုင်သော PDF များအား တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ကြောင်း သိရသည်။
PDF များသည် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဆရာ၊ ဆရာမများကို သစ္စာမဲ့ဝန်ထမ်း Disloyality Civil Servant (DCS) လုပ်ရန် အကျပ်ကိုင်ခြိမ်းခြောက်ခြင်း၊ စာသင်ကျောင်းများ၌ ယာယီစစ်စခန်းအဖြစ် အသုံးပြု၍ အခြေချဝင်ရောက်နေထိုင်ခြင်းများကြောင့် ကျေးရွာအချို့မှ ကျောင်းများ ဆက်လက်ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ စာသင်ကျောင်းများအား ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် တပ်မတော်စစ်ကြောင်းများက စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး အဆိုပါသောင်းကျန်းသူများအား အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter Terrorism-Operation) များဖြင့် ဇွန် ၂၁ ရက်မှစတင်၍ ဆောင်ရွက်ခဲ့ရာ သောင်းကျန်းသူများသည် ထိခိုက်သေဆုံးမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားပြီး သောင်းကျန်းသူများထံမှ ခဲယမ်းနှင့် အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
PDF များသည် ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူလူထုနေအိမ်များနှင့် စာသင်ကျောင်းများ၌ ဆက်သွယ်ရေးမြောင်းများ၊ ပစ်ကျင်းများတူး၍ ယာယီစစ်စခန်းအဖြစ်အသုံးပြု၍ အခြေချဝင်ရောက်နေထိုင်လျက်ရှိခြင်းများကြောင့် ကျောင်းနေအရွယ်ကလေးငယ်များ၏ ပညာသင်ယူခွင့်ကို ထိခိုက်နစ်နာစေရုံသာမက ပညာရည်မြင့်မားမှုကို ပိတ်ပင်ဖျက်ဆီးမှုများသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ခြင်းပင်ဖြစ်ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် သောင်းကျန်းသူများက စာသင်ကျောင်းများ၌ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်များကို အမြန်ဆုံးဖယ်ရှားရှင်းလင်း၍ စာသင်ကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသည့် ဖွင့်လှစ်နိုင်ခြင်းမရှိသေးသော စာသင်ကျောင်းများကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။















