ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား အိုနာနာ ACL ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားမှာ ကစားနိုင်မှာမဟုတ်တော့

ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား အိုနာနာ ACL ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားမှာ ကစားနိုင်မှာမဟုတ်တော့
Photo: X
Photo: X
Published 8 July 2026

ဘယ်လ်ဂျီယံအသင်းရဲ့ ကွင်းလယ်ကစားသမား အမာဒူအိုနာနာဟာ ဒူးအရွတ်စုတ်ပြဲတဲ့ ACL ဒဏ်ရာရရှိခဲ့တာကြောင့် ကမ္ဘာ့ဖလားမှာ ကစားနိုင်မှာမဟုတ်တော့ကြောင်း သိရပါတယ်။

အက်စတွန်ဗီလာကစားသမားဖြစ်တဲ့ အိုနာနာဟာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ကစားခဲ့ဖူးသလို၊ ယူရို-၂၀၂၄ ပြိုင်ပွဲမှာလည်း ဘယ်လ်ဂျီယံအသင်းရဲ့ အမာခံကစားသမားအဖြစ် ရပ်တည်ခဲ့သူဖြစ်ပါတယ်။

အိုနာနာ(၂၄ နှစ်)ဟာ ဒုတိယမြောက် ပွဲထွက်မှုအဖြစ် ကစားခဲ့တဲ့ အမေရိကန်နဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပွဲချိန်(၂၁)မိနစ်မှာပဲ လူစားလဲခံခဲ့ရပါတယ်။

သူ့ရဲ့ဒဏ်ရာကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ပြီးနောက် ACL ဒဏ်ရာဖြစ်ခဲ့ကြောင်း ဘယ်လ်ဂျီယံအသင်းရဲ့ဆေးအဖွဲ့က အတည်ပြုခဲ့ပြီး အက်စတွန်ဗီလာအသင်းနဲ့ ချက်ချင်းညှိနှိုင်းတိုင်ပင်ခဲ့ကြောင်းလည်း သိရပါတယ်။

အိုနာနာက လက်ရှိကမ္ဘာ့ဖလားမှာ ဘယ်လ်ဂျီယံအသင်းအတွက် ကစားနိုင်တော့မှာ မဟုတ်ပေမဲ့ ကွာတားဖိုင်နယ်ပွဲ ယှဉ်ပြိုင်ပြီးတဲ့အထိ အသင်းနဲ့အတူ ဆက်ရှိသွားမယ်လို့ သိရပါတယ်။

အိုနာနာရဲ့ ဒဏ်ရာက လအတန်ကြာ အနားယူရမှာဖြစ်တာကြောင့် ဒုတိယရာသီဝက်ရောက်မှ အက်စတွန်ဗီလာအသင်းအတွက် ကစားနိုင်ဖွယ်ရှိကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

 

Most Read

Most Recent