ယခုလတ်တလော ရွှေလက်တွဲသွားကြသည့် အနုပညာထိပ်တန်းကြယ်ပွင့်များက တေလာဆွစ်နှင့် ထရားဗစ်ကယ်စီတို့စုံတွဲချည်း မဟုတ်ပေ။ ဘောလီးဝုဒ်စတား အာမီယာခန်းလည်း ပါဝင်သည်။
အသက် ၆၁ နှစ်အရွယ် အာမီယာခန်းသည် အသက် ၄၇ နှစ်အရွယ် လုပ်ငန်းရှင် ဂေါ်ရီစပရတ်နှင့် ဇူလိုင် ၅ ရက်တွင် မွန်ဘိုင်းရှိ ၎င်း၏နေအိမ်၌ လက်ထပ်လိုက်ပြီဖြစ်သည်။ မင်္ဂလာအခမ်းအနားသို့ နှစ်ဖက်မိသားစုဝင်များနှင့် ရုပ်ရှင်လောကမှမိတ်ဆွေများ တက်ရောက်ခဲ့ကြပြီး Lagaan ရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာ အရှူတိုရှ် ဂိုဝါရီကာ၊ ဟာသသရုပ်ဆောင် ဗီးဒတ်စ် ၊ စီးပွားရေးလုပ်ငန်းရှင် မူကက်ရှ်အမ်ဘာနီတို့လည်း တက်ရောက်ကြသည်။
ထွက်ပေါ်လာသည့်ဓာတ်ပုံများအရ အခမ်းအနားက ရိုးရှင်းလှသည်။ အာမီယာခန်းတို့စုံတွဲ လက်ထပ်စာချုပ်တွင် လက်မှတ်ရေးထိုးနေပြီး မိသားစုဝင်များက ဝန်းရံထားသည်ကို တွေ့ရသည်။ ဂေါ်ရီစပရတ်၏ (ယခင်အိမ်ထောင်နှင့်ရသည့်) သားက ၎င်းတို့ကြားတွင် တွေ့ရပြီး အာမီယာခန်း၏သား အာဇတ်က ဖခင်ဘေးတွင် ထိုင်နေသည်။
အာမီယာခန်းသည် ၁၉၈၆ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ ရုပ်ရှင်ထုတ်လုပ်သူ ရီနာ ဒတ်တာနှင့် အိမ်ထောင်ကျကာ သားသမီးနှစ်ဦး ထွန်းကားခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ရုပ်ရှင်ဒါရိုက်တာ ကီရန်ရာအိုနှင့် လက်ထပ်ပြီး ၂၀၂၁ ခုနှစ်တွင် လမ်းခွဲလိုက်ကာ သားဖြစ်သူ အာဇတ်ကို ပူးတွဲအုပ်ထိန်းလျက်ရှိသည်။ ဂေါ်ရီစပရတ်က တတိယမြောက်အိမ်ထောင်ဖြစ်သည်။
အာမီယာခန်းသည် ၂၀၂၅ ခုနှစ် မတ်လက ၎င်း၏ အသက် ၆၀ ပြည့်မွေးနေ့ပွဲတွင် ဂေါ်ရီစပရတ်ကို မီဒီယာနှင့် မိတ်ဆက်ပေးခဲ့ပြီး ၎င်းတို့နှစ်ဦး ပတ်သက်နေသည်မှာ တစ်နှစ်ကျော်လာပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ၎င်းတို့နှစ်ဦး လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ကတည်းက စတင်သိကျွမ်းခဲ့ပြီး အာမီယာခန်း၏ ဝမ်းကွဲညီမမှတစ်ဆင့် အဆက်အသွယ်ပြန်ရခဲ့ကြသည်။
ဂေါ်ရီစပရတ်သည် အလှကုန်နယ်ပယ်တွင် လုပ်ကိုင်သူဖြစ်ပြီး လက်ရှိတွင် အာမီယာခန်း၏ Aamir Khan Productions ထုတ်လုပ်ရေးတွင် ပါဝင်ကူညီပေးနေသည်။
Ref: The Hindu















