နိုင်ဂျာနိုင်ငံမြောက်ပိုင်းရှိ ဆာဟာရသဲကန္တာရအတွင်း ပြီးခဲ့သည့်ရက်ပိုင်းက ကုန်တင်ယာဉ်တစ်စီး ပျက်သွားပြီးနောက် လူပေါင်း ၄၉ ဦး ရေငတ်သေဆုံးသွားကြောင်း အာဏာပိုင်များက ကြေညာခဲ့သည်။ Eid ပွဲတော်ဆင်နွှဲရန် မာလီနိုင်ငံကို သွားပြီးပြန်အလာ ဝေးလံခေါင်သီသည့် သဲကန္တာရ၌ ရေပြတ်လပ်သေဆုံးခဲ့ကြခြင်းဖြစ်သည်။
နိုင်ဂျာနှင့် အယ်လ်ဂျီးရီးယားနိုင်ငံတို့အကြား အဓိက နယ်စပ်ဖြတ်ကျော်ဂိတ်ဖြစ်သည့် အာဆာမာကာမြို့၏အနောက်ဘက် မိုင် ၅၀ ကျော်အကွာတွင် ကားပျက်သောင်တင်ခဲ့ကြပြီး နှစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။ထိုနှစ်ဦးက သဲကန္တာရကိုဖြတ်ကာ အာဆာမာကာမြို့အထိ ခြေကျင်လျှောက်လာကြပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့သည်။
ကုန်တင်ယာဉ်သည် မာလီနိုင်ငံ တယ်ဟန်ဒက်မြို့လေးမှ ထွက်ခွာလာခဲ့ပြီး သတ်မှတ်လမ်းကြောင်းအတိုင်း မမောင်းခဲ့ကြောင်း နိုင်ဂျာရှိ အာဂါဒက်ဇ်မြို့ အုပ်ချုပ်ရေးမှူးထုတ်ပြန်ချက်ထဲ ဖော်ပြထားသည်။ ယာဉ်မောင်းနှင့်ခရီးသည်များက ပျက်နေသည့်ယာဉ်ကို ရက်အတော်ကြာအောင် ဝိုင်းကြိုးစားပြင်ခဲ့ကြသေးသည်။ သို့သော် မအောင်မြင်ခဲ့ပေ။
ကယ်ဆယ်ရေးအဖွဲ့က ကုန်တင်ယာဉ်အောက်နှင့် ယာဉ်အနီးဝန်းကျင်တွင် အသက်မဲ့နေသည့် ရုပ်အလောင်းဒါဇင်ပေါင်းများစွာကို တွေ့ခဲ့ပြီး အလောင်းများကို စုပေါင်းမြေမြှုပ် သင်္ဂြိုဟ်ပေးခဲ့သည်။သေဆုံးသူအားလုံး နိုင်ဂျာနိုင်ငံသားများဖြစ်သည်။
ကယ်ဆယ်ရေးအဖွဲ့က ထိုနေရာမှအပြန် ဘက်ထရီချို့ယွင်းမှုကြောင့် လူပေါင်း ၆၀ ကျော် တင်ဆောင်လာပြီး သုံးရက်ကြာ သောင်တင်နေသည့် နောက်ထပ်ကုန်တင်ယာဉ်တစ်စီးကိုလည်း တွေ့ခဲ့ပြန်သည်။ထိုအဖွဲ့ကိုလည်း ကယ်ဆယ်ရေးအဖွဲ့က ကူညီပေးခဲ့သဖြင့် ခရီးဆက်နိုင်ခဲ့သည်။
Ref: BBC
Photos: BBC & The Sun















