ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖွန်မြို့နယ်အတွင်း အထောက်အထားမဲ့မြန်မာနိုင်ငံသား (၁၉) ဦး ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရပြန်ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။
ဇူလိုင်လ (၂၀) ရက်နေ့ နံနက်ပိုင်း က ထိုင်းအာဏာပိုင်းများမှ ဒေသခံများ၏ သတင်းပေးချက်အရ ဆိုင်းယော့မြို့နယ် ထောင်ဖာဖွန် - ဆိုင်ယော့ ကားပိုင်းရှိ ထဆောင်စစ်ဆေးရေးဂိတ်တွင် စောင့်ဆိုင်းနေစဉ် အဖြူရောင် Isuzu Mu – X အမျိုးအစားယာဉ်တစ်စီးရောက်ရှိလာပြီး၊ ယာဉ်မောင်းမှ ထိုင်းရဲတပ်ဖွဲ့ဝင်များအား တွေ့ရှိခဲ့ရ၍ ထောင်ဖာဖွန်မြို့နယ်ဘက်သို့ ချက်ချင်းပြန်ကွေ့ကာ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့သည်။
ထို့နောက် ထိုင်းအာဏာပိုင်များမှ လိုက်လံဖမ်းဆီးခဲ့ရာ ထိုမော်တော်ယာဉ်မှာ ထောင်ဖာဖွန်မြို့နယ်၊ ဘန်ဖာအုန်းကျေးရွာထဲသို့ မောင်းဝင်သွားပြီးနောက် လမ်းဘေးရှိ ကောက်တုံးကြီးများအား အရှိန်မထိန်နိုင်ဘဲ ဝင်တိုက်မိကာ မော်တော်ယာဉ်မှာ ရပ်တန့်သွားကြောင်းနှင့် ယာဉ်မောင်းဖြစ်သူမှာလည်း ထွက်ပြေးသွားပြီးနောက် ၎င်းအားလာကြိုသည့် မော်တော်ယာဉ်တစ်စီးဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ထိုင်းသတင်းဌာနများ၏ ဖေါ်ပြချက်များအရ သိရသည်။
ယင်းနောက် ထိုင်းအာဏာပိုင်များမှ မော်တော်ယာဉ်အား စစ်ဆေးရာ မော်တော်ယာဉ်ထဲမှ အထောက်အထားမဲ့မြန်မာနိုင်ငံသား(၁၉) ဦးအား ဖမ်းဆီး ရမိခဲ့သည်။
ထိုအထောက်အထားမဲ့မြန်မာနိုင်ငံသား (၁၉) ဦးမှာ ထိုင်း - မြန်မာနယ်စပ် ဘုရားသုံးဆူဒေသမှ စွတ်ပရာကန်ခရိုင်အတါင်း အလုပ်လုပ်ကိုင်ရန်သွားရောက်စဉ် ယခုကဲ့သို့ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြောင်းနှင့် ထိုခရီးအတွက် ပွဲစားအား တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၁၄၀၀၀၀) စီပေးခဲ့ရကြောင်းကို ထွက်ဆိုချက်ပေးထားကြကြောင်း ထိုင်းသတင်းများက ဆိုထားကြသည်။
၎င်းတို့အား ထောင်ဖာဖွန်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံ ဥပဒေများအရ အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်းလည်း ထိုင်းသတင်းများ၏ ဖေါ်ပြချက်များအရ သိရသည်။
ထိုင်း -မြန်မာနယ်စပ် ဘုရားသုံးဆူဒေသအတွင်း တရားမဝင် မူးယစ်ဆေးဝါးကုန်ကူးမှုများ၊ လူကုန်ကူးမှုများ၊ အွန်လိုင်ငွေလိမ်လုပ်ငန်းများ နှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများရှိသည့်အတွက် ထိုင်းအာဏာပိုင်များအနေဖြင့် အရှန်အဟုန်ဖြင့် နှိမ်နင်းနေသည့်အတွက်ကြောင့် နေ့စဉ်လိုလို အထောက်အထားမဲ့မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများ ဖမ်းဆီးခံနေရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ဇူလိုင်လ (၁၅) ရက်နေ့နှင့် (၁၆) ရက်နေ့များတွင်လည်း ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုအတွင်း အထောက်အထားမဲ့မြန်မာနိုင်ငံသား (၃၉) ဦးမှာ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။















