ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခလဘူရီမြို့နယ်၌ ဇွန်လ (၂၇) ရက် တစ်ရက်အတွင်း တရုတ်နိုင်ငံသား (၃) ဦးနှင့် မြန်မာနိုင်ငံသား (၁၈) ဦး ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၂၇) ရက်နေ့ နံနက် (၁၁) နာရီအချိန်ခန့်က စံခလဘူရီမြို့နယ်ရှိ ရန်တီတံတားစစ်ဆေးရေး ဂိတ်တွင် သုံးဘီးဆိုင်ကယ်ယာဉ်တစ်စီး လိုက်ပါလာသည့် တရုတ်နိုင်ငံသားနှစ်ဦးအား ထိုင်းအာဏာပိုင်များက စစ်ဆေးခဲ့ရာ ဗီဇာသက်တမ်းကုန်ဆုံးနေသည်ကိုတွေ့ရရှိရ၍ ဖမ်းဆီးထိန်းသိမ်းခဲ့သည့်အပြင် ယင်းစစ်ဆေးရေး ဂိတ်မှာပင် ခရီးသည်တင်ယာဉ်တစ်စီးပေါ် လိုက်ပါလာသော တရုတ်နိုင်ငံသားတစ်ဦးကို စစ်ဆေးခဲ့ရာ၌လည်း ၎င်းမှာ ပါမစ်သက်တမ်းကုန်ဆုံးနေပြီး တရားမဝင်နေထိုင်နေသူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရ၍ ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း ထိုင်းသတင်းများ၏ ဖေါ်ပြချက်များအရ သိရသည်။
ထိုဖြစ်စဉ်များမှ တရုတ်နိုင်ငံသား (၃) ဦးနှင့် ထိုင်းနိုင်ငံသား သုံးဘီးဆိုင်ကယ်ယာဉ်မောင်းတစ်ဦးတို့အား စံခလဘူရီရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
အလားတူ ယင်းဇွန်လ (၂၇) ရက်နေ့ ည (၁၁) နာရီအချိန်ခန့်ကလည်း စံခလဘူရီမြို့နယ်၊ နောင်လူးဒေသရှိ လိမ္မော်ခြံအနောက်ဘက်၊ တောလမ်းအတွင်း မြန်မာနိုင်ငံဘက်မှ တရားဝင်၊ ဝင်ရောက်လာကြသူများ ရှိနေကြောင်း သတင်းအရ နမ်ပကိတ်စစ်ဆေးရေးဂိတ်အပါအဝင်၊ စံခလဘူရီရဲစခန်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးအရာရှိများပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား (၁၈) ဦးအား တွေ့ရှိရ၍ စံခလဘူရီရဲစခန်းသို့ ပို့ဆောင်ကာ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
မြန်မာ - ထိုင်းနယ်စပ် ဘုရားသုံးဆူဒေသအတွင်း မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံဘက်သို့ တရုတ်နိုင်ငံသားများ အပါအဝင်တရားမဝင် ရွေ့ပြောင်းဝင်ရောက်လာကြသူများ နေ့စဉ်ဝင်ရောက်နေသည့်အတွက်ကြောင့် ယမန်နေ့ ဇွန်လ (၂၉) ရက်နေ့က ထိုင်းနိုင်ငံဘက်ခြမ်းရှိ တရားမဝင် ဂိတ်များအား ထိုင်းအာဏာပိုင်များမှ လိုက်လံပိတ်ဆို့ နေသည့်အပြင်၊ စစ်ဆေးရေးဂိတ်များတွင်လည်း စစ်ဆေးမှုများအားတင်းကြပ်ထားကြောင်း ထိုင်းနိုင်ငံဘက်မှ လာသည့် သတင်းများအရ သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၁၄) ရက်နှင့် (၁၅) ရက်နေ့များကလည်း ထိုင်း - မြန်မာနယ်စပ် မြန်မာနိုင်ငံဘက်ခြမ်း ဘုရားသုံးဒေသမှ ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား (၁၁) ဦးအား ထို်ငးအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သေးသည်။
Photo Credit – Thai News See less















